ဘင်္ဂလားပင်လယ်အော် တွင် ဧပြီ ၂၈ ရက်မတိုင်မီ မုန်တိုင်းငယ် တစ်လုံးဖြစ်လာနိုင်ပြီး ရခိုင်ပြည်နယ် ကမ်းခြေအနီး ရွေ့လျားလာနိုင်၍ ဧပြီ ၂၉ ရက်ခန့်ကစတင်ကာ မြန်မာနိုင်ငံအနှံ့ မိုးရွာနိုင်ပြီး အပူချိန်များ လျော့ကျနိုင် ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က သတင်း ထုတ်ပြန်ထားသည်။
ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် ဧပြီ ၂၂ ရက်မှ၂၈ ရက်အတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု စတင်ဖြစ်ပေါ်လာ နိုင်ပြီး မုန်တိုင်းငယ်အဆင့်အထိ ရောက်ရှိပြီးနောက် ဧပြီ ၂၉ ရက်တွင် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများနှင့် ဒေသချင်းဆက်စပ် နေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေသို့ဦးတည်ရွေ့လျားနိုင် ကြောင်း ဒေါက်တာထွန်းလွင်က ကြိုတင်ခန့်မှန်းသည်။
‘‘မိုးက ရွာလာမှာဆိုတော့ အပူချိန်တွေ လျော့လာမယ်။ မိုးမျှော်နေသူတွေ ၀မ်းသာကြမှာပဲ။ မိုးက ၂၈ ရက် နောက်ပိုင်းရွာနိုင်တယ်’’ ဟု ဒေါက်တာထွန်းလွင်က ပြော သည်။ လတ်တလော ကာလ၌ အပူချိန်များ သိသိသာသာ မြင့်တက်နေချိန် မကြာမီ မိုးရွာမည့် သတင်းသည် လူထုအတွက် သတင်း ကောင်း ဖြစ်သော်လည်း ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများတွင် မုန်တိုင်းငယ် အရှိန်ကို ကြိုတင်သတိပြုနေထိုင်ရန် လိုအပ်နေသည်။
အပူချိန်မြင့်တက်နေခြင်း သည် ဘင်္ဂလားပင်လယ်နှင့် တောင်တရုတ်ပင်လယ်ပြင်တွင် မုန်တိုင်းများ မဖြစ်သေးခြင်းကြောင့် ဖြစ်ပြီး မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများ၊ မြစ်ဝကျွန်းပေါ်နှင့် မြေလတ်ပိုင်း ဒေသများ၊ မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင် မိုးနည်းပြီး ကျန်ဒေသများထက် အပူချိန်များ မြင့်တက်နေသည်။
လက်ရှိကာလ၌ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် ကယားပြည်နယ်တွင် ဧပြီလ၏ ပုံမှန်အပူချိန်ထက် ၃ ဒီဂရီစင်တီဂရိတ်မှ ၄ ဒီဂရီစင်တီဂရိတ်၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ရန်ကုန်၊တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် တောင်ပိုင်း)၊ ရခိုင်၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် ဧပြီလ၏ပုံမှန်အပူချိန်ထက် ၂ ဒီဂရီစင်တီဂရိတ်ပိုများနေသည်ဟု မိုးဇလ က သတင်းထုတ်ပြန်ထားသည်။ မကွေးတိုင်း ဒေသကြီးသည် အပူချိန်အမြင့်ဆုံး ဒေသဖြစ်နေပြီး ချောက်မြို့တွင် ၄၅ ဒီဂရီစင်တီဂရိတ်၊ ပေါက်မြို့တွင် ၄၃ ဒီဂရီစင်တီဂရိတ်နှင့် မကွေး၊ အောင်လံ၊တောင်တွင်းကြီး၊ ဂန့်ဂေါနှင့် ဘော်လခဲမြို့တွင် ၄၂ ဒီဂရီစင်တီဂရိတ် ရှိနေသည်ဟု မိုးဇလက သတင်း ထုတ်ပြန်ထားသည်။
7Day







0 comments:
Post a Comment