Wednesday, April 3, 2019

စင်ကာပူ၏ မမှန်သတင်းဥပဒေကြမ်းကို facebook နှင့် လူ့အခွင့်အရေးအုပ်စုများ ဝေဖန်


စင်ကာပူနိုင်ငံတွင် ကျယ်ပြန့်သော မမှန်သတင်းဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်က တနင်္လာနေ့တွင် အဆိုပြုခဲ့ရာ လွတ်လပ်စွာပြောဆိုခွင့်အပေါ် အစိုးရ၏ တားမြစ်ခွင့်အာဏာ ကြီးမားလာမည့် အရေးကို အင်တာနက် လူမှုမီဒီယာများနှင့် လူ့အခွင့်အရေးအုပ်စုများက စိုးရိမ်ပူပန်နေကြသည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။ 
၎င်းဥပဒေအရ facebook ကဲ့သို့သော လူမှုမီဒီယာများသည် အစိုးရက မမှန်သတင်းဟုယူဆသော ပို့စ်များအား သတိပေးချက်ထုတ်ပြန်ရန်နှင့် အများပြည်သူ အကျိုးစီးပွားအား ဆန့်ကျင်သော ကွန်မန့်များကို ဖယ်ရှားပေးရန် လိုအပ်လာမည်ဖြစ်သည်။

အွန်လိုင်းပလက်ဖောင်း ထိန်းကျောင်းမှုတွင် အစိုးရများက ပိုမိုထိရောက်သောကဏ္ဍမှ ပါဝင်သင့်သည်ဟု facebook ထူထောင်သူ မာ့ခ်ဇူကာဘတ်က ပြောကြားပြီး နှစ်ရက်အတွင်း အဆိုပါဥပဒေကြမ်း ထွက်ပေါ်လာခြင်းဖြစ်သည်။ 

သို့ရာတွင် ဥပဒေကြမ်း ထွက်ပေါ်လာပြီးနောက် facebook ၏ လူထုမူဝါဒဆိုင်ရာ အာရှတိုက်တာဝန်ခံ ဆိုင်မွန်မီလ်နာက ဥပဒေပါစည်းကမ်းချက်များကြောင့် သတင်းအတုဟု အစိုးရက ယူဆသောပို့စ်များ ဖယ်ရှားရေးနှင့် အစိုးရ၏ အသိပေးချက်များကို user များထံ ပို့ဆောင်ရေးတို့အတွက် စင်ကာပူအုပ်ချုပ်သူများတွင် ကျယ်ပြန့်သော အာဏာများရရှိလာမည်ကို ကုမ္ပဏီအနေနှင့်စိုးရိမ်ကြောင်း ပြောကြားသည်။ 

ဒေသတွင်း အင်တာနက်နည်းပညာဆိုင်ရာ ကုမ္ပဏီများ အသင်းချုပ်တစ်ခုဖြစ်သည့် အေရှားအင်တာနက်အသင်းမှ ဒါရိုက်တာ ဂျက်ဖ်ပိန်းကလည်း “အလှမ်းကျယ်လွန်းတဲ့ ဒီဥပဒေကြောင့် လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ ဆန္ဒထုတ်ဖော်ခွင့်တွေအပေါ် အန္တရာယ်ရှိလာနိုင်ပြီး စင်ကာပူနဲ့ နိုင်ငံတကာအပေါ် ဆိုးဝါးတဲ့ အကျိုးဆက်တွေ ရှိလာနိုင်ပါတယ်”ဟု မှတ်ချက်ပေးသည်။ 

စင်ကာပူဥပဒေရေးရာဝန်ကြီး ရှမ်မူဂန်ကမူ ဥပဒေအသစ်သည် လွတ်လပ်စွာ ပြောဆိုခွင့်အပေါ် အနှောင့်အယှက် ဖြစ်စေမည်မဟုတ်ဟု တနင်္လာနေ့က သတင်းထောက်များအား ပြောကြားသည်။ 

င်္Facebook, twitter နှင့် google အပါအဝင် နည်းပညာကုမ္ပဏီကြီးများသည် ၎င်းတို့၏ အာရှဌာနချုပ်များကို စင်ကာပူတွင် ဖွင့်လှစ်ထားကြသည်။ 

လွန်ခဲ့သောနှစ်ပေါင်းငါးဆယ် ဗြိတိန်ထံမှ လွတ်လပ်ရေးရပြီးကတည်းက အာဏာရပါတီတစ်ခုတည်းက ဆက်တိုက် အုပ်ချုပ်လာခဲ့သော စင်ကာပူနိုင်ငံက ၎င်းတို့နိုင်ငံသည် ကမ္ဘာ့ဘဏ္ဍာရေးအချက် အချာတစ်ခုဖြစ်ခြင်း၊ လူမျိုးဘာသာ စုံလင်ခြင်း၊ အင်တာနက်ပျံ့နှံ့မှု အားကောင်းခြင်းစသော အခြေအနေများကြောင့် သတင်းတုများ၏ ဘေးအန္တရာယ်ရှိနေသည်ဟု ပြောကြားသည်။ 

စင်ကာပူသည် နယ်စည်းမထား သတင်းထောက်များအဖွဲ့က ထုတ်ပြန်သော သတင်းစာလွတ်လပ်ခွင့် ညွှန်းကိန်းတွင် နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၅၁ ရရှိထားသည်။ 

ပါလီမန်တွင် အတည်မပြုရသေးသော အဆိုပြုဥပဒေကြမ်းတွင် လူ့အဖွဲ့အစည်းအား ထိခိုက်စေသော အမုန်းတရား ဝါဒီများက မမှန်သတင်းများကို ဖြန့်ချိပါက ငွေဒဏ်နှင့် ထောင်ဒဏ်အပါအဝင် ရာဇဝတ်မှုပြစ်ဒဏ်များ ချမှတ်သွားမည့် စည်းမျဉ်းစည်းကမ်းများ ပါဝင်သည်။ 

အများပြည်သူ အကျိုးစီးပွား ထိခိုက်စေသည့် မမှန်သတင်းများကို ခြောက်လအတွင်း သုံးကြိမ်ဖော်ပြခဲ့ပါက လူမှုမီဒီယာဆိုက်ကို ပိတ်သိမ်းခြင်းမပြုသော်လည်း ငွေကြေးအကျိုးအမြတ် ရရှိမှုလမ်းကြောင်းကို ဖြတ်တောက်မည်ဟုလည်း ဖော်ပြထားသည်။ 

The Voice  

0 comments:

Post a Comment