Wednesday, April 3, 2019

ရုရှားဒုံးကျည်စနစ် ဝယ်ယူရန် စီစဉ်နေသော တူရကီသို့ အမေရိကန်က F-35 ရောင်းချမှု ဆိုင်းငံ့ထား


အမေရိကန်သည် နေတိုးမဟာမိတ် တူရကီနိုင်ငံသို့ F-35 တိုက်လေယာဉ် ဆက်စပ်ပစ္စည်းများ ရောင်းချမှုကို ရပ်ဆိုင်းလိုက်သည်ဟု ပင်တဂွန်စစ်ဌာနချုပ်က တနင်္လာနေ့တွင် ပြောကြားခဲ့ပြီး ရုရှား S 400 ဒုံးကျည်ကာကွယ်ရေးစနစ်ကို ဝယ်ယူရန် စီစဉ်ထားသော တူရကီနိုင်ငံအပေါ် ဖိအားတိုးမြှင့်လိုက်သည်ဟု DW သတင်းတွင် ဖော်ပြထားသည်။ 
“ဒီလိုအရေးကြီးတဲ့ကိစ္စကို တူရကီနဲ့ ဆက်လက် ဆွေးနွေးနေတုန်းမှာ ရုရှားလုပ် S 400 ဒုံးကျည် ဝယ်ယူမှုကိစ္စနဲ့ F 35 တိုက်လေယာဉ် ဆက်စပ်ပစ္စည်း ရောင်းချပေးရေး ကိစ္စကို ဆက်စပ်ထားပါတယ်”ဟု ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။ 

ရုရှား S 400 ဒုံးကျည်စနစ်သည် အမေရိကန်လုပ် ရေဒါပျောက် တိုက်လေယာဉ် F 35 ၏ လုံခြုံမှုကို ထိခိုက်လာနိုင်သည်ဟု နေတိုးမဟာမိတ်နိုင်ငံများက စိုးရိမ်နေသည့်ကြားမှပင် တူရကီသမ္မတ အာဒိုဂန်က ရုရှားဒုံးကျည်စနစ်ကို ဝယ်ယူရန် ဆုံးဖြတ်ထားခြင်းဖြစ်သည်။ 

ထိုသို့ ရုရှားဒုံးကျည်စနစ် ဝယ်ယူမှုကြောင့် F 35 လေယာဉ် ရောင်းချပေးမှု အစီအစဉ်တွင် တူရကီနိုင်ငံ ပါဝင်မှုကို ထိခိုက်စေလိမ့်မည်ဟု အမေရိကန်က မကြာသေးမီ လပိုင်းများအတွင်း သတိပေးခဲ့သည်။ တူရကီကမူ ဇူလိုင်လတွင် ရုရှားဒုံးကျည်စနစ်ကို လက်ခံရရှိမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ 

တူရကီအား S 400 ဝယ်ယူမှုကို စွန့်လွှတ်စေရန်အတွက် အမေရိကန်က ပက်ထရီယော့ ဒုံးခွင်းဒုံးစနစ်ကို လျှော့ဈေးဖြင့် ရောင်းချပေးမည်ဟု စည်းရုံးသိမ်းသွင်းလျက်ရှိသည်။ တူရကီက ပက်ထရီယော့စနစ်ကို စိတ်ဝင်စားသော်လည်း ရုရှားနှင့် စာချုပ်ကို ဖျက်သိမ်းလိုခြင်းမရှိကြောင်း ပြောကြားထားသည်။ 

နေတိုးစစ်အုပ်စု အဖွဲ့ဝင်နိုင်ငံတစ်ခုက အနောက်အုပ်စု လက်နက်စနစ်များနှင့် သဟဇာတမဖြစ်သော ရုရှားလုပ် စစ်လက်နက်ကို ဝယ်ယူမှုသည် ထုံးစံမဟုတ်ပေ။ ထို့ပြင် ယခုကိစ္စတွင် ရုရှားတို့က S 400 ရေဒါစနစ်ဖြင့် အမေရိကန်၏ ဒေါ်လာသန်း ၉၀ တန် ရေဒါပျောက်တိုက်လေယာဉ်ကို မည်သို့ရှာဖွေရမည်ကို လမ်းစရရှိသွားနိုင်ခြင်းအပေါ် နေတိုးမဟာမိတ်များက စိုးရိမ်နေခြင်းဖြစ်သည်။ 

အမေရိကန်သည် မူလက လော့ခ်ဟိ မာတင်လုပ် နောက်ဆုံးပေါ် တိုက်လေယာဉ်နှစ်စင်းကို တူရကီသို့ နိုဝင်ဘာလတွင် ပေးပို့ရန် စီစဉ်ထားခဲ့သည်။ တူရကီကလည်း အဆိုပါ ပဉ္စမမျိုးဆက်တိုက်လေယာဉ်ကို အစင်း ၁၀၀ ဝယ်ယူရန် စီစဉ်ထားခဲ့သည်။ 

F 35 စုစည်းတပ်ဆင်မှု အစီအစဉ်တွင် တူရကီက လေယာဉ်ကိုယ်ထည်၊ အဆင်းဂီယာနှင့် လေယာဉ်မောင်းခန်း ဒိုင်ခွက်များကို ခွဲဝေထုတ်လုပ်ရန် မူလက စီစဉ်ထားမှုကြောင့် အစိတ်အပိုင်းထုတ်လုပ်မှုတွင် အစားထိုးရန်နိုင်ငံကို စဉ်းစားနေသည်ဟု ပင်တဂွန်က ပြောကြားသည်။ 

အမေရိကန်လွှတ်တော်ကလည်း တူရကီက ရုရှားဒုံးကျည်စနစ် ဝယ်ယူမှုကို မရုပ်သိမ်းပါက F 35 လေယာဉ် ပေးပို့မှု အစီအစဉ်ကို ရပ်ဆိုင်းမည့် ဥပဒေကြမ်းကို ယခင်အပတ်က တင်သွင်းခဲ့သည်။

The Voice

0 comments:

Post a Comment