Monday, September 2, 2019

စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ်အနီး ရောက်ရှိပြီး ရပ်ကွက်နှင့်ကျေးရွာ ၅ ခုတွင် ရေစတင်ဝင်ရောက်

တောင်ငူမြို့နယ်၊ စစ်တောင်းမြစ်ရေသည် စက်တင်ဘာ ၁ ရက်မှစပြီး စိုးရိမ်ရေမှတ်အနီးရောက်လာပြီး စက်တင်ဘာ ၂ ရက်၊ နံနက် ၁၀ နာရီကျော်စာရင်းအရ တောင်ငူမြို့ အမှတ် (၉)၊ (၁၀) ရပ်နှင့် သဖန်းပင်၊ မလွှပင်နှင့် အလယ်ကျွန်းရွာတို့တွင် ရေစတင်ဝင်ရောက်နေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
စစ်တောင်းမြစ်ရေ တက်လာပြီး အနိမ့်ပိုင်းရပ်ကွက်နှင့် ကျေးရွာများတွင် ရေစတင်ဝင်ရောက်နေပြီဖြစ်သော်လည်း စိုးရိမ်ရေမှတ် ၆၀၀ စင်တီမီတာဖြစ်၍ စုစုပေါင်း ၆၃၀ စင်တီမီတာအထက်ရောက်မှသာ ရေဘေးရှောင်စခန်းများဖွင့်ရန်လိုအပ်ကြောင်း တောင်ငူမြို့နယ် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

တောင်ငူမြို့နယ် စစ်တောင်းမြစ်ရေ စက်တင်ဘာ ၂ ရက်၊ နံနက် ၁၁ နာရီခွဲအချိန် တိုင်းထွာချက်အရ ၅၈၉ စင်တီမီတာတွင် ရောက်ရှိနေပြီး ညောင်လေးပင်မြို့နယ် မဒေါက်တွင် စိုးရိမ်ရေမှတ်အထက်တွင် တစ်လနီးပါးရောက်ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ 

တောင်ငူမြို့နယ် အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက “စိုးရိမ်ရေမှတ် အနားကပ်ရင် အနိမ့်ပိုင်းရပ်ကွက်၊ ကျေးရွာအချို့ ရေဝင်တတ်ပေမယ့် ရေဘေးစခန်းဖွင့်ဖို့ မလိုအပ်သေးဘူး။ ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေအနေနဲ့ သတိပေးတာမျိုး အချိန်နဲ့တစ်ပြေးညီ သတင်းပေးပို့၊ အသိပေးတာမျိုးလုပ်ကြဖို့ ဆော်ဩထားပါတယ်”ဟု ပြောကြားသည်။

စက်တင်ဘာ ၁ ရက်မှစပြီး စစ်တောင်းမြစ်အထက်ပိုင်းဒေသများတွင် မိုးရွာသွန်းမှုများပြီး တောင်ငူမြို့ မြစ်ကမ်းအနီး ရပ်ကွက်၊ ကျေးရွာအချို့ ရေဝင်နစ်မြုပ်စပြုနေပြီဖြစ်သော်လည်း စိုးရိမ်ဖွယ်မရှိသေးကြောင်း အနိမ့်ပိုင်းရပ်ကွက်အချို့နေ ဒေသခံများက ပြောဆိုသည်။

“ဒီနေ့(စက်တင်ဘာ ၂ရက်) မနက်ပိုင်း ရေတက်ကြမ်းတယ်။ ခြံထဲ ရေဝင်တာများတော့ ဖောင်ဖွဲ့ထားလိုက်တယ်။ ရွာထဲက အောက်ချိုင့်တွေ နည်းနည်း ပိုဆိုးတယ်”ဟု တောင်ငူမြို့ အမှတ် ၉ ရပ်၊ ကြက်လျှာစွန်းရပ်နေ အမျိုးသားတစ်ဦးက ပြောကြားသည်။

အထက်ပိုင်းဒေသများတွင် မိုးများပြီး တောင်ကျရေကြောင့် ၄၆ နာရီအတွင်း စစ်တောင်းမြစ်ရေသည် ၅ ပေကျော်ခန့် မြင့်တက်ခဲ့ကာ လတ်တလော အနေအထားအရ မြို့၏ စိုးရိမ်ရေမှတ် ၆၀၀ စင်တီမီတာသို့ ရောက်ရှိနိုင်ကြောင်း တောင်ငူခရိုင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးတစ်ဦးက ပြောကြားသည်။

ယမန်နှစ် ဩဂုတ်လကုန်ပိုင်းက ဆွာချောင်းတမံ ကျိုးပေါက်ရာမှ တောင်ငူခရိုင် ဆွာ၊ ရေတာရှည်၊ တောင်ငူနှင့် ထန်းတပင် နယ်များတွင် ရေကြီးနစ်မြုပ်ခဲ့သော်လည်း စစ်တောင်းမြစ်ရေမကြီးသည်မှာ သုံးနှစ်ခန့်ရှိပြီဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

The Voice

0 comments:

Post a Comment