အခွန်ထမ်းများကိုအခွန်တိုးကောက်ပြီး အခွန်ရှောင်သူများလွတ်နေပါက ဈေးကွက်ပြိုင်ဆိုင်မှုမမျှမတဖြစ်ပြီး နိုင်ငံစီးပွားရေးကိုထိခိုက်စေမည်ဖြစ်ကြောင်း လှိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက ပြောသည်။
စက်တင်ဘာလ ၄ ရက်ကကျင်းပသော ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၀ ရက်မြောက်နေ့၌ အခွန်အကောက်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ပြောကြားရာတွင် ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“တရားမ၀င်ကူးသန်းရောင်းဝယ်မှုတွေကို ထိထိရောက်ရောက်ထိန်းချုပ်နိုင်ရန် အစိုးရကအကာကွယ်ပေးရမှာ ဖြစ်ပါတယ်။ အခွန်ထမ်းတွေကိုတော့ထပ်တိုးအခွန်ကောက်ပြီးတော့ အခွန်ရှောင်သူတွေကတော့ လွတ်နေဦးမယ်ဆိုရင် ဈေးကွက်ပြိုင်ဆိုင်မှုမမျှမတဖြစ်ပြီးတော့ နိုင်ငံစီးပွားရေးတစ်ခုလုံးကိုထိခိုက်စေမှာ ဖြစ်ပါတယ်။ ဥပဒေကြမ်းရဲ့ အခန်း ၅ ၊ အပိုဒ်ခွဲ ၁၁ အပိုဒ်ခွဲငယ်၊ ဇယား ၁ မှာ ပြည်သူ့ကျန်းမာရေးအတွက် စီးကရက်အမျိုးမျိုးကိုအခွန်တိုးမြင့်ထားတာတွေ့ရပါတယ်။ ဆေးလိပ်ခွန်အားလုံးမှာ စီးကရက်ကအခွန် ၉၈.၈ ရာခိုင်နှုန်းအထိဆောင်ထားပြီး ဆေးပေါ့လိပ်အခွန် ၁.၂ ရာခိုင်နှုန်းသာ ဆောင်ထားပါတယ်။ ကွမ်းစားဆေး အမျိုးမျိုးကတော့ တရားဝင်တင်သွင်းခွင့်မပြုလို့ မှောင်ခိုတင်သွင်းပြီးတော့အခွန်လုံးဝကင်းလွတ်နေတာကို တွေ့ရပါတယ်။ စီးကရက်မှာပြဿနာက ပြည်ပကပေါ်ပေါ်ထင်ထင်တင်သွင်းပြီး ဆိုင်တွေမှာ တရားမ၀င် ရောင်းချနေတာဖြစ်ပါတယ်။ တရားမ၀င်တင်သွင်းမှုကဈေးကွက်တစ်ခုလုံးရဲ့ ၂၅ ရာခိုင်နှုန်းလောက်ရှိပြီးတော့ အများဆုံးကတော့တရုတ်စီးကရက်များဖြစ်ပါတယ်’’ ဟု လှိုင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက ပြောသည်။
ကွမ်းစားဆေးများကို မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံအချို့မှတင်သွင်းခြင်းဖြစ်ပြီး ခံတွင်းကင်ဆာဖြစ်ပွားရခြင်း အကြောင်းအရင်းများတွင် ကွမ်းစားဆေးများကြောင့်လည်းပါဝင်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ကွမ်းယာစားသုံးမှုနှုန်းအမျိုးသား ၆၂ ဒသမ ၂ ရာခိုင်နှုန်း၊ အမျိုးသမီး ၂၄ ဒသမ ၂ ရာခိုင်နှုန်းရှိပြီး ဆေးရွက်ကြီးနှင့်ဆက်စပ်ထုတ်ကုန်များသုံးစွဲသူလူကြီး ၇ ဒဿမ ၂ သန်းနှင့် အရွယ်မရောက်သေးသူ ၁၅၂၀၀၀ ဦးရှိကြောင်း သိရသည်။
မင်းသီဟန်(အကုန်သိသတင်းဌာန)
0 comments:
Post a Comment