Tuesday, September 3, 2019

စားသုံးဆီများတွင် အားဖြည့်ဗီတာမင် ထည့်သွင်းရန် စီစဉ်

စားသုံးဆီများတွင် အားဖြည့် ဗီတာမင်တစ်ခုဖြစ်သည့် ဗီတာမင် - အေ ကို ထည့်သွင်းရန် စီစဉ်လျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အမျိုးသားအာဟာရနှင့် သုတေသနဌာနခွဲမှ ခေတ္တ ညွှန်ကြားရေးမှူး ဒေါက်တာလွင်မာလှိုင်က ပြောကြားသည်။
“ကနဦးအဆင့်ပဲ ရှိသေးတယ်။ ဒါကမဖြစ်နိုင်တာ မဟုတ်ဘူး။ ဒီမှာ ဆီစားတဲ့ပုံစံက ၁၀ သား၊ ၂၀ သား ပီပါထဲက သွားဝယ်နေရင် ပီပါထဲကဆီက တကယ်ပဲ ကျွန်မတို့ ထပ်ဖြည့်ထားတာ ဟုတ်၊ မဟုတ် အရည်အသွေးပိုင်းကလည်း လိုသေးတယ်။ ဝန်ကြီးဌာနချည်းပဲ လုပ်လို့ရတာမဟုတ်ဘူး။ Private Sector ပိုင်းက ပါမှရမယ်”ဟု ၎င်းက ရှင်းပြသည်။

ဆီတွင် ဗီတာမင် - အေ ထည့်သွင်းခြင်းကို ဂျာမန်နိုင်ငံမှ ပညာရှင်များနှင့်အတူ သက်ဆိုင်ရာဝန်ကြီးဌာနများ ပူးပေါင်းထုတ်လုပ်သွားရန် စီစဉ်ထားပြီး ထိုကဲ့သို့ အားဖြည့်ဗီတာမင် ထည့်သွင်းခြင်းကို အခြားနိုင်ငံများတွင် အသုံးပြုနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းဥက္ကဋ္ဌ ဦးခင်စိုးက ပြောကြားသည်။

“အားဖြည့်ဗီတာမင် ထည့်လိုက်တဲ့အတွက် ဆီဈေးက တက်မသွားဘူး။ အာနိသင်ပဲ ကောင်းသွားမှာ။ ကျွန်တော်ကတော့ ကိုယ့်ဆီကိုယ် အာမခံချက်ရှိတဲ့အတွက် ဗီတာမင်ထည့်တာကို လုပ်မယ်။ နိုင်ငံတိုင်းမှာ လိုအပ်တဲ့ဗီတာမင်ချို့တဲ့တာချင်း မတူဘူး။ မြန်မာနိုင်ငံကတော့ အရမ်းအားနည်းတဲ့သဘောရှိတယ်။ အားနည်းတာကို ဆီကနေသွားလို့ရတာကိုသွားမယ်။ ဆန်ကနေသွားလို့ရတာ သွားမယ်။ အားနည်းချက်တွေ လျှော့မှာပေါ့”ဟု ၎င်းကဆိုသည်။

ဗီတာမင် - အေသည် ကလေးများ၊ အသက်ကြီးသူများ၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူများတွင် ချို့တဲ့နိုင်ပြီး ဗီတာမင် - အေ ချို့တဲ့ခြင်းကြောင့် အမြင်အာရုံချို့တဲ့ခြင်း၊ အသားအရေ ခြောက်သွေ့ခြင်း၊ လက်သည်းနှင့် ခြေသည်းများ ကျိုးကြေလွယ်လာခြင်းများအပြင် ကိုယ်ခံအားကျခြင်းကြောင့် ဗက်တီးရီးယားနှင့် ဗိုင်းရပ်စ်ပိုးများ အလွယ်တကူ ကူးစက်ခံရနိုင်ကြောင်း အာဟာရပညာရှင်တစ်ဦးက ပြောကြားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနှင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိပြီး ပြည်သူများအနေနှင့်လည်း ကျန်းမာရေးထောက်ခံချက်ရှိသည့် ပစ္စည်းများကို ရွေးချယ်သုံးစွဲရန်လိုအပ်သကဲ့သို့ ထုတ်လုပ်ရောင်းချသူများကလည်း သတ်မှတ်ထားသည့် စံချိန်စံညွှန်းများအတိုင်း လိုက်နာရန်လိုအပ်ကြောင်း ဒေါက်တာလွင်မာလှိုင်က ဖြည့်စွက်ပြောကြားသည်။

မြန်မာနိုင်ငံတွင် အစားအသောက်များတွင် အာဟာရပြည့်ဝသည့် အစားအသောက်များရရှိနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပြီး လက်ရှိအချိန်တွင်လည်း ဆန်၌ အာဟာရထပ်ဖြည့် ထည့်ထားသည့်အားဖြည့်ဆန်များကို ထုတ်လုပ်ရောင်းချလျက်ရှိသည်။

The Voice

0 comments:

Post a Comment