Tuesday, September 15, 2015

ဂျပန်တွင် အသက် (၁၀၀) အထက် လူ (၆)သောင်းရှိ


ဂျပန်နိုင်ငံတွင် အသက် (၁၀၀) အထက် သက်ကြီးပိုင်းဦးရေ ခြောက်သောင်း ကျော်သွားပြီ ဖြစ်ကြောင်း သိရသည်။ အသက် (၁၀၀) အထက် သက်ကြီးပိုင်းဦးရေသည် လာမည့် ရက်သတ္တပတ်တွင် (၆၁၅၆၈) ဦးထိ ရှိလာမည်ဟု ဂျပန် ပြည်သူ့ဖူလုံရေး ၀န်ကြီးဌာနက ထုတ်ပြန် ပြောကြားသည်။ ထိုသူများအနက် (၈၇) ရာခိုင်နှုန်းသည် အမျိုးသမီးများ ဖြစ်သည်။ စက်တင်ဘာလ (၁၅) ရက်နေ့သည် ဂျပန်တွင် ဘိုးဘွားများနေ့ ဖြစ်သည်။ ဂျပန် အစိုးရသည် ထိုနေ့တွင် အသက် (၁၀၀) ပြည့်သူ (၃၀၃၇၉) ဦးကို ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ရန်လည်း စီစဉ်ထားသည်။ ယခုနှစ် လက်ဆောင်ကား ငွေသားဖြင့် လုပ်ထားသည့် (၆၅) ဒေါ်လာတန် ဆာကေး အရက်ခွက်လေး ဖြစ်သည်။သို့သော် နိုင်ငံတွင်း သက်ကြီးရွယ်အိုဦးရေ များသထက် များလာနေသဖြင့် ၀န်ကြီးဌာနသည် လာမည့်နှစ်များတွင် ငွေကြေး ချွေတာနိုင်အောင် ဈေးချိုသည့် လက်ဆောင်များ ပြောင်းပေးဖို့ စဉ်းစားနေကြောင်း သိရသည်။ ဂုဏ်ပြု လက်ဆောင် ပေးသည့် အစဉ်အလာကို ၁၉၆၃ ခုနှစ်တွင် စတင်ခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က စက်တင်ဘာလ (၁၅) တွင် အသက် (၁၀၀) ပြည့်သူ (၁၅၃) ဦးသာ ရှိခဲ့သည်။ ၂၀၁၄ ရောက်သည့်အခါ ဂုဏ်ပြု အရက်ခွက် လက်ခံရမည့်သူ သုံးသောင်းထိ ရှိလာပြီး ၀န်ကြီးဌာနသည် လက်ဆောင်ဖိုးချည်း ဒေါ်လာ (၂ ဒသမ ၁) သန်းကျော် အသုံးပြုခဲ့ရသည်။

ဂျပန် အမျိုးသားများ၏ ပျမ်းမျှ သက်တမ်းသည် (၈၀) ဖြစ်ပြီး ၊ အမျိုးသမီးများက (၈၆ ဒသမ ၈၃) နှစ် ဖြစ်သည်။ မတ်လက အသက် (၁၁၂) နှစ် ပြည့်ခဲ့သော ဂျပန် နိုင်ငံသား အဘိုးအို ယာဆူတာရိုကိုင်ဒီ သည်လည်း ကမ္ဘာ့ အသက်အရှည်ဆုံး အမျိုးသားအဖြစ် စံချိန်တင်ထားသည်။

Source: AFP
Messenger News Journal

0 comments:

Post a Comment