Wednesday, February 7, 2018

တနိုင်းဒေသ တိုက်ပွဲအတွင်း ပိတ်မိနေသူ အကုန်လုံးနီးပါးလွတ်မြောက်


ကချင်ပြည်နယ် တနိုင်းဒေသရှိ ဇီးဖြူကုန်း ပယင်းမှော်နှင့် ယင်းမှော်အနီးတစ်ဝိုက်တွင် တပ်မတော်နှင့်ကေ အိုင်အေတို့ တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ပိတ်မိနေသော ဒေသခံမှော်လုပ်သား ၃၄၀၀ ဦးအနက် လူဦးရေ အများစု လွတ်မြောက်လာပြီး အနည်းငယ်သာ ကျန်ရှိနေသေးကြောင်း ယင်းပိတ်မိနေသူများကို ကူညီဆောင် ရွက်ပေးနေသူများထံမှ သိရသည်။
အဆိုပါ ပိတ်မိနေသည့် ဒေသခံများသည် တနိုင်းမြို့မှ မိုင် ၃၀ ခန့်ရှိသော နမ်ကွမ်းမှော်နားရှိ စမတ်ချောင်း တွင် ပိတ်မိနေခဲ့ပြီး ၁၀ ရက်ကြာ ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်ခဲ့ရာ လက်ရှိ ဖေဖော်ဝါရီလ ၆ ရက်နေ့အထိ လူပေါင်း သုံးထောင်ကျော် လွတ်မြောက်လာပြီး လူဦးရေ ၈၀ ခန့်သာ ကျန်ရှိနေသေးကြောင်း ပိတ်မိနေသူများကို ကူညီဆောင်ရွက်ပေးနေသည့် ဦးနန်မိတ်က ပြောကြားသည်။

“အားလုံးနီးပါးတော့ ပြန်ရောက်လာပြီ။ အဲဒီမှာကျန်တာက ဆိုင်ကယ်ရှိတဲ့လူတွေ နည်းနည်းပဲ ကျန်တော့ တယ်။ ရာဂဏန်းတော့မရှိဘဲ ဆယ်ကြီးပိုင်းတော့ ရှိဦးမယ်”ဟု ၎င်းက ပြောဆိုသည်။

အဆိုပါ ပိတ်မိနေသူများသည် ယခုရက်ပိုင်းအတွင်း နေ့စဉ် လူဦးရေအဝင်နည်းပြီး ယခင်ပိတ်မိကာစကဲ့သို့ မများတော့ကြောင်း၊ လက်ရှိ နောက်ဆုံးဝင်ရောက်လာသူ အများစုမှာ တနိုင်းဒေသခံများ မဟုတ်ဘဲ ရပ်ဝေးဒေသများမှ လာရောက် လုပ်ကိုင်သူများဖြစ်ကြောင်း ကူညီဆောင်ရွက်နေသူများထံမှ သိရသည်။

လက်ရှိ တနိုင်းမြို့အတွင်းသို့ ရောက်ရှိလာသည့် ဒေသခံများကို စာရင်းပြုစု၍ မိမိနေရပ်ဒေသသို့ ပြန်နိုင်ရေး အတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ လူမှုကူညီရေးအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ အခြားအသင်းအဖွဲ့များနှင့် ဌာနဆိုင်ရာများက စီစဉ်ဆောင်ရွက်ပေးနေကြောင်း ယင်းပိတ်မိနေသူများကို ကူညီဆောင်ရွက်ပေးနေသူများ ထံမှ သိရသည်။

ဇန်နဝါရီလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက တနိုင်းမြို့နယ်အတွင်းရှိ ဇီးဖြူကုန်း ပယင်းမှော်အတွင်း ကေအိုင်အေ တပ်စခန်း ရှိရာသို့ တပ်မတော်က လေယာဉ်ဖြင့် ဗုံးကြဲသဖြင့် စခန်းတစ်ခုပျက်စီး၍ မှော်လုပ်သား ဒေသခံ တစ်ဦးသေဆုံးခဲ့၍ လေးဦးဒဏ်ရာရရှိခဲ့ကြောင်း ယင်း ပယင်းမှော်လုပ်ကိုင်သူများထံမှ သိရသည်။

လက်​ရှိယခုရက်​ပိုင်း၌ တနိုင်း​ဒေသအတွင်း တပ်​မ​တော်​နှင့် ​ကေအိုင်​​အေတို့အကြား တိုက်​ပွဲဖြစ်​ပွားမှုငြိမ်​သက်​​နေပြီး လက်နက်​ကြီး ပစ်ခတ်သံများလည်း မကြားရ​တော့ကြောင်း တနိုင်း​ဒေသခံများထံမှ စုံစမ်းသိရှိရ သည်​။

ကချင်​​ဒေသအတွင်း တိုက်​ပွဲကြားပိတ်​မိ​နေ​သော စစ်​​ဘေးသင့်ပြည်​သူများကို ကယ်​ဆယ်​နိုင်​​ရေးအတွက်​ ဖေဖော်ဝါရီလ ၅ ရက်​​နေ့က ​မြစ်ကြီးနားမြို့တွင်​ ​ဒေသခံသုံး​ထောင်​ခန့်က ဆန္ဒပြခဲ့သည်။

The Voice

0 comments:

Post a Comment