တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနား ကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်၁၀နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အားလုံးသိရှိထားတဲ့အတိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်တဲ့ မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ဟာ ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ ၂၃ ရက်နေ့မှာ နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပြီးတော့ အဲဒီအဖွဲ့တွေဟာ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) မှာ ပါဝင်ပြီး လက်မှတ်ရေးထိုးမယ် ဆိုပြီး သတင်းထုတ်ပြန်ခဲ့ပါတယ်” ဟု ပြောကြားသည်။
ထို့ပြင် ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက “ အဲဒီအတွက် နိုင်ငံတော်အစိုးရ နဲ့ မွန်ပြည်သစ်ပါတီ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့အကြား NCA လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့၊ နေပြည်တော် MICC –II မှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်၊ NLD အစိုးရ လက်ထက်မှာ NCA လမ်းကြောင်းနဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်မှာ ပထမဆုံး လျှောက်လှမ်းလာတဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။ NCA လက်မှတ် မရေးထိုးရသေးဘဲ ကျန်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများကိုလည်း NCA လက်မှတ်ရေးထိုးနိုင်ဖို့၊ နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်လာဖို့ ဆက်လက်ပြီး ကြိုးပမ်းနေတယ်ဆိုတာကိုလည်း ပြောကြားလိုပါတယ်။ နိုင်ငံတော် အစိုးရအနေနဲ့ မွန်ပြည် သစ်ပါတီ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး တို့ကို နွေးထွေးစွာနဲ့ ရင်းရင်းနှီးနှီး ကြိုဆိုဖို့ တာဝန်ရှိသလို ဒီ NCA စာချုပ် လက်မှတ်ရေးထိုးပွဲ အောင်အောင်မြင်မြင်နဲ့ ကျင်းပပြီးစီးနိုင်အောင် ဆောင်ရွက်ပေးဖို့ဟာ ကျွန်တော်အားလုံးရဲ့ အဓိက တာဝန်ပဲဖြစ်ပါတယ်။ ယခုအစည်းအဝေး တက်ရောက်ာလာကြတဲ့သူများ အနေနဲ့ (၂၁) ရာစုပင်လုံ အစည်းအဝေး ကျင်းပရေး လုပ်ငန်းတွေမှာ ဆောင်ရွက်ဖူးကြတဲ့ ပုဂ္ဂိုလ်များ ဖြစ်ကြပါတယ်၊ NCA စာချုပ်လက်မှတ်ရေးထိုးပွဲ အခမ်းအနားကိုတော့ NLD အစိုးရ လက်ထက်မှာ ပထမဆုံး ကျင်းပတဲ့ပွဲလို့ ဆိုရင်ရပါတယ်၊ ယခင်ဆောင်ရွက်ဖူးတဲ့ လုပ်ငန်းအတွေ့အကြုံတွေ အပေါ်မူ တည်ပြီး အစည်းအဝေးတက်ရောက်လာသူ အားလုံး က ၀ိုင်းဝန်း ဆွေးနွေးဖို့ ဖိတ်ခေါ်ရင်း နိဂုံးချုပ်အပ်ပါ တယ်” ဟုပြောကြားသည်။
ထို့နောက် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက NCA စာချုပ်လက်မှတ် ရေးထိုးပွဲအခမ်းအနား ကျင်းပရေး လုပ်ငန်းစဉ် များနှင့် စပ်လျဉ်း၍ အသေးစိတ် ရှင်းလင်းတင်ပြသည်။
ယင်းနောက် -
- အခမ်းအနား ဖိတ်ကြားရေးနှင့် စပ်လျဉ်း၍ သံတမန်ရေးရာဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်ကလည်းကောင်း၊
- ကြိုဆိုနေရာချထားရေး၊ တည်းခိုနေထိုင်ရေးနှင့် ခန်းမအတွင်း နေရာချထားရေးနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် ကလည်းကောင်း၊
- သယ်ယူပို့ဆောင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဒုတိယ၀န်ကြီးဦးကျော်မျိုး ကလည်းကောင်း၊
- တည်းခိုရေး၊ ဧည့်ခံကျွေးမွေးရေးနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က လည်းကောင်း၊
- အခမ်းအနားပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ဒုတိယ၀န်ကြီး ဦးမင်းသူကလည်းကောင်း၊ လုံခြုံရေးနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် အောင်ဝင်းဦးက လည်းကောင်း၊
- အခမ်းအနားမှူး၊ မီဒီယာမှတ်ပုံတင်ခြင်းနှင့် လုံခြုံရေးကဒ်ထုတ်ပေးခြင်း၊ တိုက်ရိုက်ထုတ်လွင့်မှုနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးရေး၊ သတင်းထုတ်ပြန်နိုင်ရေးနှင့် မှတ်တမ်းစာအုပ်ထုတ်ဝေနိုင်ရေးတို့နှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က လည်းကောင်း၊
- ကျန်းမာရေးလုပ်ငန်း ကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လည်းကောင်း၊
- ဘဏ္ဍာရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်က လည်းကောင်း၊
- ပူးပေါင်းညှိနှိုင်းရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဒုတိယ၀န်ကြီး ဦးခင်မောင်တင်က လည်ကောင်း၊
- လက်မှတ်ရေးထိုးပွဲအစီအစဉ်များနှင့် စပ်လျဉ်း၍ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်းကလည်းကောင်း၊
- အခမ်းအနား ကျင်းပမည့် MICC-II နှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီ ဥက္ကဌ ဒေါက်တာမျိုးအောင်က လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ တက်ရောက်လာကြသူများက (၂၁) ရာစုပင်လုံအစည်းအဝေး ကျင်းပရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ၀ိုင်းဝန်းအကြံပြုဆွေးနွေးကြသည်။
ထို့နောက် ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။
Myanmar State Counsellor Office
0 comments:
Post a Comment