Wednesday, February 7, 2018

ကမ္မမြို့တွင် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ဖွင့်ပွဲ သုံးရက်ကြာပြုလုပ်မည်


မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ကမ္မမြို့တွင် ဗိုလ်ချုပ် အောင်ဆန်းကြေးရုပ်ဖွင့်ပွဲကို ဖေ ဖော်ဝါရီ ၁၀ ရက်မှ ဖေဖော်ဝါရီ ၁၃ ရက်(ဗိုလ်ချုပ် (၁၀၃)နှစ်ပြည့် မွေးနေ့)အထိ သုံးရက်ကြာ ကျင်း  ပမည်ဖြစ်ကြောင်း ကမ္မမြို့ ဗိုလ် ချုပ်ချစ်သူများအဖွဲ့က ပြောကြားသည်။
ဖေဖော်ဝါရီ ၁၀ ရက်ညတွင် စာပေဟောပြောပွဲ၊ ၁၁ ရက်ညတွင် တရားပွဲ၊ ၁၂ ရက်ညတွင် ရွှေဗဒင်းဆိုင်း အဖွဲ့က ဖျော်ဖြေ ပြီး ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၉နာရီ၌ ကြေးရုပ်ဖွင့်လှစ်မည်ဖြစ်သည်။

ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေး ကမ္မမြို့ရှိ ဗိုလ်ချုပ်ချစ်သူများအဖွဲ့က ဦးဆောင် စီစဉ်ခဲ့သည်။ ကြေးရုပ် အမြင့် ကိုးပေရှိပြီး ကြေးပိဿာချိန် ခြောက်ရာကျော်ရှိကာ တန်ဖိုးကျပ်သိန်း ၁၅၀ ကုန်ကျခဲ့ကြောင်း ဦးဆောင်အဖွဲ့ဝင် ကိုကျော်ထွန်းဦးက ပြောကြားသည်။ဗိုလ်ချုပ်ကြေးရုပ်ကို ကမ္မမြို့ မိခင်နှင့် ကလေးစောင့်ရှောက်ရေးရုံးရှေ့ ကွင်းပြင်တွင် ထားရှိဖွင့်လှစ်မည်ဖြစ်သည်။

‘‘ဗိုလ်ချုပ်ချစ်သူများအဖွဲ့ ဆိုပြီး ကော်မတီလေးအရင်ဖွဲ့ပါ တယ်။ ဘယ်သူဥက္ကဋ္ဌ၊ အတွင်း ရေးမှူးရယ်လို့ မရှိပါဘူး။ အားလုံး တစ်ပြေးညီပါပဲ။ ကမ္မမြို့ ကမ္မတိုက်နယ်လုံးဆိုင်ရာက ကျေးရွာ တွေကို အလှူခံခဲ့ပါ တယ်။ ပြင်ပ အလှူရှင်တွေလည်း ပါပါတယ်’’ ဟု ကိုကျော်ထွန်းဦးကပြောသည်။

မူလက ကြေးရုပ်ကို ငါးပေခြောက်လက်မအမြင့်သာ ရည် ရွယ်သော်လည်း စဥ့်ကိုင်မေတ္တာ စွမ်းရည် ဆရာတော်၏တိုက်တွန်း မှုဖြင့် မကွေးတိုင်း စလင်းမြို့နယ်ရှိ ဗိုလ်ချုပ်ကြေးရုပ်ကို သွားရောက် လေ့လာပြီး အမြင့်ကိုးပေရှိ ကြေးရုပ်ကို မန္တလေးမြို့ အမရပူရရှိ ကြေးသွင်းပညာရှင်များထံ အပ်နှံခဲ့ကြောင်း၊ ကြေးရုပ် သည် ဖေဖော်ဝါရီ ၃ ရက် ကတည်းက ကမ္မမြို့သို့ ရောက်ရှိနေကြောင်း၊ ဗိုလ်ချုပ်မွေးနေ့အမှတ်တရအဖြစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် ဖွင့်ပွဲကျင်းပရန် ရည်ရွယ်ထားကြောင်း ၎င်းက ဆိုသည်။

ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျရောက်မည့် ဗိုလ်ချုပ် (၁၀၃)နှစ်ပြည့်မွေးနေ့၌ မကွေးတိုင်း ပွင့်ဖြူမြို့နယ် သရက်တောကျေး ရွာတွင်လည်း ဗိုလ်ချုပ်ကြေးရုပ်ဖွင့်ပွဲကျင်းပမည်ဖြစ်သည်။

7Day

0 comments:

Post a Comment