မြစ်ကြီးနား- ဆွမ်ပရာဘွမ်-ပူတာအိုလမ်းပိုင်း ဆက်သွယ်ထားသော တံတား နှစ်စင်းကို ကချင်လက်နက်ကိုင် တပ်ဖွဲ့ ကေအိုင် အေနှင့် ကေအိုင်အိုတို့က ဖျက်ဆီးခဲ့သည့်အတွက် အမြန်ဆုံးပြန်လည်တည်ဆောက် ပေး ရန် အရေးကြီးအဆိုကို ဖေဖော်ဝါရီလ ၇ ရက်နေ့က ကျင်းပသော ကချင်ပြည်နယ် လွှတ်တော် အစည်းအဝေး တွင် ပူတာအိုမြို့နယ် မဲဆန္ဒအမှတ်(၂)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဒိန်ခန်ဖုန် (ခ) ခန်လင်က တင်သွင်းခဲ့သည်။
“အခု ဆိုင်ကယ်ဆီ တစ်ပုလင်းကို ခုနစ်ရာကနေ သုံးထောင်၊ ငါးထောင်အထိ မြင့်တက်သွားတာကို ကြားရ တယ်။ မြို့တွင်းက အချို့ဆိုင်တွေက ဓာတ်ဆီမရောင်းတော့ပါဆိုတဲ့ ဆိုင်းဘုတ်တွေ ကပ်ထားပြီး ဝယ်လို့ မရတော့ဘူး။ ဆန်ကလည်း လက်ရှိ သုံးခွက်တစ်ထောင်လောက်အထိကို မြင့်တက်နေတာ တွေ့ရတယ်”ဟု ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဒိန်ခန်ဖုန် (ခ) ခန်လင်က ပြောဆိုသည်။
မြစ်ကြီးနား- ဆွမ်ပရာဘွမ်-ပူတာအို လမ်းပိုင်းသည် ပူတာအိုခရိုင်အတွင်းရှိ မြို့နယ် ငါးမြို့နယ်အတွင်း အဓိက ကုန်သွယ် စီးဆင်းရေးကို ဆက်သွယ်ထားသည့် လမ်းမကြီးဖြစ်ပြီး ယခုလို လမ်းပြတ်တောက်သွား သည့်အတွက် ပူတာအိုခရိုင်အတွင်းရှိ ဒေသခံများသည် ကုန်ဈေးနှုန်းမြင့်တက်ခြင်းနှင့် အခြားသော ဒုက္ခ များဖြင့် ကြုံတွေ့နေရကြောင်း နောင်မွန်မြို့နယ်မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးချန်တန်ခင်က ယင်းအဆိုကို ထောက်ခံဆွေးနွေးခဲ့သည်။
“ဒီပုံစံနဲ့သာ ဆက်သွားနေမယ်ဆို ဒေသခံတွေအတွက် ကုန်ဈေးတွေ အဆမတန်မြင့်တက်မယ်။ နောက်ပြီး ဝန်ထမ်းတွေ လုံးဝနေလို့မရဘူး။ နောက် ပူတာအိုမှာတောင် ဓာတ်ဆီဈေးနဲ့ကုန်ဈေးတွေတက်ရင် နောင်မွန် မှာက အဲဒီထက် နှစ်ဆရှိတယ်”ဟု ၎င်းက ပြောဆိုသည်။
ထို့ပြင် လက်ရှိ လမ်းပိုင်းပြတ်တောက်သွားသည့်အတွက် ပူတာအိုဒေသခံများ ကုန်ဈေးနှုန်း မြင့်တက်ခြင်းနှင့် အခြားသော အခက်အခဲများနှင့် ကြုံတွေ့နေရသည့်အတွက် ယင်းလမ်းပိုင်းကို အမြန်ဆုံး ဆောင်ရွက်ပေးရန် လိုအပ်သကဲ့သို့ လတ်တလော အကျပ်အတည်းများကို ဖြေရှင်းပေးရန် ကုန်ပစ္စည်းသယ်ယူမှုကို လေယာဉ် လမ်းကြောင်းဖြင့် ပြည်နယ်အစိုးရနှင့် ပြည်ထောင်စုအစိုးရက ဆောင်ရွက်ပေးရန်လိုကြောင်း ကချင်ပြည်နယ် လီဆူတိုင်းရင်းသားရေးရာ လူမျိုးများဝန်ကြီး ဦးအားတီယောဟန်က ပြောကြားသည်။
အဆိုပါ အရေးကြီးအဆိုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာပြည်နယ်အဆင့် ဝန်ကြီးက ပြန်လည်ဖြေကြားရာတွင် မည်သို့ပင်ဖြစ်စေ အစိုးရအနေဖြင့် တည်ဆဲအုပ်ချုပ်မှု ယန္တရားကို အပျက်အစီး မခံကြောင်း၊ ရသည့်နည်း လမ်းဖြင့် အမြန်ဆုံး ချောချောမောမောဖြင့် သွားလာနိုင်ရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင်က ရှင်းလင်းဖြေကြားခဲ့သည်။
ယင်းအဆိုနှင့်ပတ်သက်၍ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များက ၇ ဦးမှ ထောက်ခံဆွေးနွေး ခဲ့ပြီးနောက် အဆိုရှင်၏သဘောထားအရ လွှတ်တော်တွင် မှတ်တမ်းတင်ထားရှိရန် သဘောတူဆုံးဖြတ်ခဲ့ သည်။
ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်အနီး မြစ်ကြီးနား- ဆွမ်ပရာဘွမ်- ပူတာအို လမ်းပိုင်း မိုင်တိုင် (၁၁၁) နေရာရှိစီနင်ခ ချောင်းကူးဇနန်သံဘောင်ဘေလီတံတားနှင့် ယင်းတံတားမှတစ်မိုင်ခန့်အကွာရှိသံဘောင်ဘေ လီတံတားတို့ကို ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေ၊ ကေအိုင်အိုတို့ကဖျက်ဆီးခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီး ရုံးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။
The Voice
0 comments:
Post a Comment