Wednesday, February 7, 2018

NLD အစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ထိုက်သင့် သလောက် ခရီးမပေါက်နိုင်သေးဘဲ ဖြစ်နေသည်ဟု RCSS ပြောကြား


NLD အစိုးရလက်ထက်တွင် အကြောင်းအမျိုးမျိုးကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ထိုက်သင့်သလောက် ခရီးမပေါက်နိုင်သေးဘဲ ဖြစ်နေသည်ဟု NCA တွင် လက်မှတ်ရေးထိုးထားသည့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS)က ပြောကြားသည်။
 
ယနေ့ ဖေဖေါ်ဝါရီလ ၇ ရက်တွင်ကျရောက်သည့် (၇၁) မြောက် ရှမ်းအမျိုးသားနေ့အတွက် ထုတ်ပြန်သော RCSS ၏ ထုတ်ပြန်ကြေညာ ချက်တွင် ယင်းအချက်ကို ထည့်သွင်းဖော်ပြထားခြင်းလည်း ဖြစ်သည်။

NLD ဦးဆောင်သည့် လက်ရှိအစိုးရသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဦးစားပေး လုပ်ငန်းတစ်ရပ်အဖြစ် အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက် ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ငြိမ်းချမ်းရေးစဉ် ထိုက်သင့် သလောက် ခရီးမပေါက်နိုင်သေးဘဲ ဖြစ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး The Ladies News မှ RCSS ၏ တောင်ကြီးမြို့ ဆက်ဆံရေးရုံး တာဝန်ခံကို ဆက်သွယ်မေးမြန်းသည့် အခါ ၄င်းက ပြောရေးဆိုခွင့်ရှိသူများထံသို့ မေးမြန်းရန် ပြောကြား သည့် အတွက်ကြောင့် ပြောရေးဆိုခွင့်ရှိသူများထံသို့ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။

ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ချောမွေ့အောင်မြင်စေရေး အတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ ညီနောင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ အခြားသက်ဆိုင်သည့် ပါတီအဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်း လုပ်ဆောင်သွားမည် ဟု၍လည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် ဒီမိုကရေစီရေး၊အမျိုးသားတန်းတူရေး၊ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အ၀ရှိသော ဖက်ဒရယ်ပြည်ထောင် စု တည်ဆောက်နိုင်ရေးအတွက် RCSS သည် NCA စာချုပ်နှင့် အညီ သက်ဆိုင်သည့် Stakeholders အဖွဲ့ အစည်းများ အားလုံးနှင့် လက်တွဲပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ ရှမ်းပြည်အမျိုးသား စည်းလုံးညီ ညွတ်ရေး အတွက်လည်း တတ်နိုင်သမျှ ကြိုးစားဆောင်ရွက်သွားမည် ဖြစ်ကြောင်းကိုလည်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၁၀၇ နှစ်ကုန်ပိုင်းအတွင်း RCSS က ဦးဆောင်ကျင်းပမည့် ရှမ်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲအတွက် ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU)မှ ပြုလုပ်သည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အကြို လူထုတွေ့ဆုံပွဲများ ပိတ်ပင်တားဆီးခံခဲ့ရခြင်းကြောင့် RCSS သည် လင်းခေးမြို့၌ ပြုလုပ်မည့် ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ယာယီရွှေ့ဆိုင်းထားခဲ့သည်။

ပုံစာ - RCSS ဌာနချုပ်၊ လွယ်တိုင်းလျန်
အောင်ရဲနောင်
The Ladies News

0 comments:

Post a Comment