နေပြည်တော်တွင်
ဖေဖော်ဝါရီလ ၁၃ ရက်တွင်ကျင်းပမည့် တစ်နိုင်ငံလုံး
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ သဘောတူစာချုပ် (NCA) လက်မှတ်ထိုးပွဲတွင်
အသိသက်သေအဖြစ်ပါဝင်ရန် ကုလသမဂ္ဂ၊ ဥရောပ သမဂ္ဂ(အီးယူ)နှင့် နိုင်ငံ
လေးနိုင်ငံကို ဖိတ်ကြားထားကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနထံမှ သိရသည်။
ဖေဖော်ဝါရီလ
၁၃ ရက်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့ဖြစ်သည့်
မွန်ပြည်သစ်ပါတီ(NMSP) နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့
အစိုးရနှင့် NCA စာချုပ်လက်မှတ်ရေးထိုးမည်ဖြစ်သည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် ပထမဦးဆုံးအကြိမ် အဆိုပါလက်နက်ကိုင် နှစ်ဖွဲ့ NCA စာချုပ်တွင် ပါဝင်၍ လက်မှတ်ထိုးလာခြင်းဖြစ်သည်။
အဆိုပါလက်မှတ်ထိုးပွဲတွင် နိုင်ငံတကာ အသိသက်သေနေရာတွင် ကုလသမဂ္ဂနှင့် အီးယူ အပါအဝင် တရုတ်၊ အိန္ဒိယ၊ ဂျပန်နှင့် ထိုင်းနိုင်ငံတို့က အသိသက်သေများအဖြစ် တက်ရောက်ရန် ဖိတ်ကြား ထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။
ထို့ပြင် ပြည်တွင်းမှ အသိသက်သေများအဖြစ် တိုင်းရင်းသားခေါင်းဆောင်များ၊ လက်မှတ်ထိုးပြီးသား လက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများကိုလည်း ဖိတ်ကြားထားကြောင်း ၎င်းကဆိုသည်။
ပြီးခဲ့သည့် သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလက လက်မှတ်ထိုးခဲ့ခြင်းဖြစ်ပြီး ယခုလက်နက်ကိုင်နှစ်ဖွဲ့ ထပ်မံ ပါဝင်လာခြင်း ဖြစ်သည်။
အဆိုပါ NCA စာချုပ်တွင်လည်း ကုလသမဂ္ဂ၊ အီးယူတို့နှင့် နိုင်ငံလေးနိုင်ငံတို့က အသိသက်သေအဖြစ် ပါဝင်လက်မှတ်ထိုးခဲ့ပြီး ပြည်တွင်းမှ အသိသက်သေများအဖြစ် တိုင်းရင်းသားခေါင်းဆောင် များ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများလည်း ပါဝင်လက်မှတ်ထိုး ခဲ့ကြသည်။
The Voice
0 comments:
Post a Comment