တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)တွင် လက်မှတ် ရေးထိုးပြီးပါက မွန်နှင့် လားဟူအဖွဲ့နှစ်ဖွဲ့၏ ဒေသဖွံ့ဖြိုးရေး ဂျပန်အစိုးရက ကူညီပေးမည်ဟု နိပွန် ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ယိုဟဲအိဆာဆာကာဝါက ပြောသည်။
ဖေဖော်ဝါရီ ၁၂ ရက်က နေပြည်တော်ရှိ Kempinski Hotel ၌ NCA စာချုပ်တွင် လက်မှတ်ရေးထိုးမည့် မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ၊ လားဟူအဖွဲ့ဥက္ကဋ္ဌနှင့် နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌတို့သုံးဦးက အကူအညီပေးရေး ဆိုင်ရာကိစ္စရပ်များကို မီဒီယာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး အဆိုပါပွဲ၌ နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌက ပြောကြား သည်။
‘‘အခုလို လက်မှတ်ရေးထိုး ဖြစ်တဲ့အတွက်လည်း နိပွန်ဖောင် ဒေးရှင်းအနေနဲ့ ကြိုဆိုပြီးတော့ စိတ်ပါလက်ပါ ဝမ်းသာကြောင်း ပြောလိုပါတယ်’’ဟု မစ္စတာယိုဟဲ အိဆာဆာကာဝါက ပြောသည်။
နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌက ယခုလို ကူညီပေးရေးကြိုးပမ်းမည့် ကိစ္စအပေါ် ဝမ်းသာကြောင်းနှင့် ကြိုဆိုလက် ခံကြောင်း မွန်ပြည် သစ်ပါတီဥက္ကဋ္ဌ (NMSP) နိုင်ထောမွန်က ဆိုသည်။
‘‘ကျွန်တော်တို့လားဟူဒေသမှာလည်း အများကြီးဖွံ့ဖြိုးတိုးတက်ဖို့အတွက် တော်တော်လေး လိုလားပါတယ်’’ ဟု လားဟူအဖွဲ့ ဥက္ကဋ္ဌ ကြာခွန်ဆာက ပြောသည်။
နိပွန်ဖောင်ဒေးရှင်း အနေ ဖြင့် ၂၀၁၅ က NCA လက်မှတ် ရေးထိုးထားသော အဖွဲ့များကို လည်း လက်ရှိတွင် ကူညီနေပြီး KNU နယ်မြေ ဖွံ့ဖြိုးမှုအတွက် ကန်ဒေါ်လာသန်း ၄၀ ကျော် ကူညီထားသည်ဟု မစ္စတာ ယိုဟဲ အိဆာဆာကာဝါက ဆိုသည်။
‘‘နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမြဲတမ်း ပြောနေတဲ့ အပစ်အခတ်ရပ်စဲရေး အကောင်အထည် ဖော်တဲ့နေရာမှာ ငြိမ်းချမ်းရေးဖွံ့ ဖြိုးတိုးတက်မှုဆိုတာ အဲဒီဒေသမှာ ရရှိဖို့ အင်မတန် အရေးကြီးတယ်လို့ နားလည်ထားပါတယ်’’ ဟု မစ္စတာယိုဟဲအိဆာဆာကာဝါက ဥပမာပေးခဲ့သည်။
ထို့အပြင် ၎င်းတို့ဖောင်ဒေးရှင်းအနေဖြင့် အပစ်အခတ်ရပ်စဲ ရေး လက်မှတ်မထိုးရသေးသည့် အဖွဲ့များနှင့် အစိုးရတို့ကြား ယုံ ကြည်မှုမြှင့်တင်နိုင်ရေး လိုအပ်သည့်ကိစ္စရပ်များ ကူညီဆောင်ရွက်ပေးရန် ဆန္ဒ ရှိကြောင်း ထည့်သွင်းပြောကြားသည်။
လက်ရှိတွင် NCA မရေးထိုး ရသေးသည့် အဖွဲ့များအနက် မြောက်ပိုင်းအဖွဲ့များကို တရုတ် နိုင်ငံက ကြားဝင် ညှိနှိုင်းမှုများ ဆောင်ရွက်နေသည်။
7Day
0 comments:
Post a Comment