Tuesday, June 12, 2018

ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ဇွန် ၁၄ ရက် တွေ့မည်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ဇွန်လ ၁၄ ရက်တွင် နေပြည်တော်၌တွေ့ဆုံရန် ကော်မရှင်မှ နိုင်ငံရေးပါတီများသို့ ဖိတ်စာပို့ထားကြောင်း ကော်မရှင်ပြောခွင့်ရပုဂ္ဂိုလ် ဦးမြင့်နိုင်က ပြောကြားသည်။

ထိုသို့တွေ့ဆုံရခြင်း အကြောင်းအရင်းကိုမေးမြန်းရာ ကော်မရှင်က ဖြေကြားခြင်းမရှိပေ။

“ဖိတ်တာတော့ ပါတီတွေ အကုန်လုံးကို ဖိတ်တာပါ။ အကြောင်းအရင်းကတော့ ဆွေးနွေးပွဲရောက်တော့ သိကြမှာပေါ့နော်”ဟု ဦးမြင့်နိုင်က ဆိုသည်။

ယင်းသို့တွေ့ဆုံရခြင်း အကြောင်းအရင်းမှာ နိုဝင်ဘာလ ၃ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲနှင့် သက်ဆိုင်နိုင်ပြီး ဖိတ်စာတွင်လည်း ရွေးကောက်ပွဲကျင်းပမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တွေ့ဆုံမည်ဖြစ်သည့်အကြောင်း ပါဝင်သည်ဟု နိုင်ငံရေးပါတီများက ပြောသည်။

“ကြားဖြတ်ရွေးကောက်ပွဲနဲ့ပဲ ဆိုင်လိမ့်မယ်ထင်တယ်။ ရွေးကောက်ပွဲကျင်းပမယ့် ကိစ္စရပ်များနှင့်စပ်လျဉ်းပြီး ဖိတ်တယ်ဆိုတာ ပါတယ်လေ။ ရှေ့မှာလည်း ကြားဖြတ်ရွေးကောက်ပွဲကရှိတော့ ဒီအကြောင်းပဲနေမှာပါ”ဟု လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ဆိုသည်။

ရွေးကောက်ပွဲကော်မရှင်အား ယုံကြည်ရန်ခက်ခဲသည့်အတွက် ကြားဖြတ်ရွေးကောက်ပွဲ ဝင်သင့်၊ မဝင်သင့် စဉ်းစားနေဆဲဖြစ်သည်ဟု ပြောဆိုထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှပြောရေးဆိုခွင်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က “ကြားဖြတ်ရွေးကောက်ပွဲအတွက်ပဲ ဖြစ်မယ်ထင်တယ်၊ ဆွေးနွေးပွဲပြီးရင်တော့ ဝင်၊ မဝင် ဆိုတာ ဆုံးဖြတ်ဖြစ်ပါလိမ့်မယ်”ဟု ဆိုသည်။

ဇွန်လ ၁ ရက်တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းနှင့် ကော်မရှင်အဖွဲ့ဝင်များအား ခေါ်ယူတွေ့ဆုံခဲ့ပြီး တရားမျှတသော ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရန်၊ နိုင်ငံရေးပါတီများအား ကြပ်မတ်ဆောင်ရွက်ရန် ကော်မရှင်တွင် တာဝန်ရှိကြောင်းနှင့် တစ်နိုင်ငံလုံးမှ နိုင်ငံရေးပါတီများကို ခေါ်ယူတွေ့ဆုံ၍ ထိတွေ့ဆက်ဆံပြီး ပါတီများ၏အသံများကိုလည်း နားထောင်သင့်ကြောင်း တိုက်တွန်းပြောကြားပြီးနောက် ယခုလို ကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံရန် စီစဉ်လာခြင်းလည်းဖြစ်သည်။

လက်ရှိရွေးကောက်ပွဲကော်မရှင်ကို အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဖွဲ့စည်းပေးထားခြင်းဖြစ်ပြီး လက်ရှိကော်မရှင်လက်ထက်တွင် ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ တစ်ကြိမ် ကျင်းပခဲ့ပြီးဖြစ်သည်။

ဝေလင်း
The Voice

0 comments:

Post a Comment