Tuesday, June 5, 2018

အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်လာနေသည့် သွေးလွန်တုပ်ကွေးရောဂါမှာ ကြောက်စရာကောင်းနေပြီဟုဆို


ကလေးရော လူကြီးပါမကျန် အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်လာနေသည့် သွေးလွန်တုပ်ကွေးရောဂါမှာ ကြောက်စရာကောင်းနေ ဖြစ်ကြောင်း သွေးလွန်တုပ်ကွေးနှင့် ဆင်ခြေထောက်ရောဂါ စီမံချက်မန်နေဂျာ ဒေါက်တာဇော်လင်းက ပြောကြားလိုက်သည်။
ဇွန်လ ၅ ရက် က ရန်ကုန်မြို့ Summit Parkview Hotel ၌ ကျင်းပသော သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှု သေဆုံးလျော့နည်း ကျဆင်းရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲတွင် ယခုကဲ့သို့ ပြောခြင်းဖြစ်သည်။

’’မနှစ်က ၁၉၂ ဦး ဆုံးရှုံးသွားတာမှာ ၂၇ ဦးက လူကြီးတွေ အရွယ်ကောင်းတွေ ဆယ့်ငါးနှစ် ၊ နှစ်ဆယ့်ငါးနှစ် ၊ သုံးဆယ် ဒီအသက်တွေ အရင်က ကလေးပဲဖြစ်တယ်၊ သွေးလွန်တုပ်ကွေး ရောဂါကို လူကြီးတွေလည်း ဖြစ်လာကြပြီ၊ အခုဖြစ်တာက မွေးကင်းစကနေ ရောဂါက လူကြီးထိဖြစ်နေတယ်။ ကြောက်စရာကောင်းနေတယ်။ မနှစ်က မိန်းကလေးတွေက ယောင်္ကျားလေးထက် နှစ်ဆ သေဆုံးလာကြတယ်။ ဒါဘာကြောင့်လဲ အဖြေရှာနေတုန်းပဲ’’ဟု  ဒေါက်တာဇော်လင်းက ပြောသည်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီး အဘိတ်ဟု ခေါ်သော ခပ်ဆေးများ၊ ခြင်ဆေးမှုတ်စက်များ ဖြန့်ဝေထားပြီးဖြစ်ပြီး ရေမြောင်းများဖော်ရန် ၊ ရေမြောင်းများတူးရန် စည်ပင်အနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။

သွေးလွန်တုပ်ကွေးရောဂါသည် ရေကြည်ရေသန့်တွင် ပေါက်ဖွားသော အေဒီးစ်ခေါ် ခြင်ကျားမှ လူကို ကိုက်ခဲရာမှ ဖြစ်ပွားတတ်သော ရောဂါဖြစ်ပြီး သွေးလွန်တုပ်ကွေးရောဂါလက္ခဏာများမှာ ကိုယ်ပူချိန်မြင့်မားကာ လုံးဝ မကျခြင်း၊  နှစ်ရက် သုံးရက် ဆက်တိုက် ဖျားခြင်း၊ ကလေး နုန်းခွေကာ မှေးနေခြင်း၊ နို့မစို့တော့ဘဲ ကလေးဂဏှာမငြိမ်ခြင်း၊ နှာခေါင်း သွားဖုံးတို့မှ သွေးယိုခြင်း၊ ခန္ဓာကိုယ်တွင် အနီစက်များ ပေါ်လာခြင်း ၊ ကော်ဖီရောင် အန်ခြင်း ၊၀မ်း အမည်းရောင်သွားခြင်း တို့ဖြစ်သည်။

မင်းသီဟန်(အကုန်သိသတင်းဌာန)

0 comments:

Post a Comment