Tuesday, June 5, 2018

ရန်ကုန်တွင် ယာဉ်မောင်း လိုင်စင်အတု၊ ယာဉ်နံပါတ်ပြား အတုဖြင့် မောင်းနှင်မှု အများဆုံးဖမ်းမိ


ရန်ကုန်မြို့တွင်း၌ ယာဉ်မောင်းလိုင်စင်အတု၊ ယာဉ်နံပါတ်ပြား အတုဖြင့် မောင်းနှင်မှုများကို အများဆုံး ဖမ်းဆီးရမိကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း၌ လှိုင်သာယာမြို့နယ်တွင် ယာဉ်မောင်းလိုင်စင်အတု၊ ယာဉ်နံပါတ်ပြားအတုဖြင့် မောင်းနှင်သော ယာဉ်အစီးရေ ၆၀ ကျော်ကို ယာဉ်ပိုင်ရှင်နှင့် အတူ ဖမ်းဆီးရမိထားပြီး အဆိုပါ အမှုတွဲ၏ ကွင်းဆက် အမှုကို ဆက်လက် စုံစမ်း ဖော်ထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းဖြစ်စဉ်သည် ရန်ကုန်တိုင်းဒေသကြီး၌ ပထမဦးဆုံးအကြိမ် ဖြစ်ပွားသည့် ဖြစ်စဉ် ဖြစ်ကြောင်း သိရသည်။
“ဒီအမှုကို ဆက်လက် စုံစမ်းဖော်ထုတ်နေပါတယ်။ လိုင်စင်အတု၊ ယာဉ်နံပါတ်ပြားအတုတို့ကို နောက်ကွယ်ကနေ လုပ်ပေးတဲ့သူတော့ ရှိမှာပဲ။ ဒါကြောင့် စုံစမ်းဖော်ထုတ်ပြီးသွားရင် အပြစ်ရှိတဲ့ သူတွေ အားလုံးကို ဥပဒေအတိုင်း ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမှာပါ”ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။
“အခုခေတ်က နည်းပညာတွေ အဆင့်မြင့်လာပြီဆိုတော့ လုပ်ကြမှာပေါ့။ ယာဉ်မောင်းလိုင်စင်၊ ယာဉ်နံပါတ်ပြားတို့ဆိုတာ ကညန က ထုတ်ပေးတာလေ။ ဒီလိုဖြစ်စဉ်က ရှားရှားပါးပါးဖြစ်တာပါ။ ဖြစ်ခဲတယ်။ နောက်ကနေ အတုလုပ်ပေးတဲ့ သူတွေကိုလည်း အခု ဖော်ထုတ်နေပါတယ်”ဟု အမှတ်(၂)၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။
အဆိုပါ ဖမ်းဆီးရမိသည့် ကားများကို သွင်းကုန်၊ထုတ်ကုန် ဥပဒေပုဒ်မ ၈ ဖြင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး အနိမ့်ဆုံးထောင်ဒဏ် သုံးနှစ် ချမှတ်အရေးယူနိုင်သလို ဒဏ်ကြေးငွေကျပ် သုံးသိန်းမှ ၁၅ သိန်းအထိ ချမှတ် အရေးယူ ဆောင်ရွက်နိုင်ကြောင်း၊ ယင်းအပြင် ဒဏ်နှစ်ရပ်စလုံးကိုပါ ချမှတ် အရေးယူဆောင်ရွက်နိုင်ကြောင်း သိရသည်။ စုသက်နှင်း(အကုန်သိသတင်းဌာန)

0 comments:

Post a Comment