Sunday, June 3, 2018

မလေးရှားတွင် ဖမ်းမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့် ပတ်သက်၍ စသုံးလုံးအဖွဲ့ပါ ပူးပေါင်းစုံစမ်းစစ်ဆေး

မလေးရှားနိုင်ငံတွင် ဖမ်းမိခဲ့သည့် အမေရိကန်ဒေါ်လာ ၁၈ သန်း တန်ဖိုးရှိသော မူးယစ်ဆေးဝါးများ ဖမ်းဆီးရရှိမှုနှင့်ပတ်သက်၍ ကွင်းဆက်များကို ဖော်ထုတ်အရေးယူနိုင်ရန် မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့နှင့်အတူ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန (စသုံးလုံး) မှ တာဝန်ရှိသူများက ပူးပေါင်းပါဝင် စုံစမ်းစစ်ဆေးနေကြောင်း စသုံးလုံးမှ အရာရှိတစ်ဦးက ပြောသည်။

ရန်ကုန်ဆိပ်ကမ်းမှ ထွက်ခွာလာသည့် သင်္ဘောတွင်တင်ဆောင်လာသောကုန် သေတ္တာအတွင်းမှ မူးယစ်ဆေးဝါးများကို မလေးရှားနိုင်ငံတွင် ဖမ်းဆီးရရှိမှုနှင့်ပတ်သက်၍ ယင်းသင်္ဘောပေါ်သို့ မူးယစ်ဆေးဝါးများ တင်ဆောင်ခဲ့မှုအပိုင်းကို စသုံးလုံးမှ တာဝန်ရှိသူများက စစ်ဆေးလျက်ရှိသည်။

“အမှုက လက်ရှိ စုံစမ်းစစ်ဆေးနေဆဲဆိုတော့ အသေးစိတ် မပြောနိုင်သေးဘူး။ လတ်တလော ပြောနိုင်တာက ဒီအမှုကို စသုံးလုံးအဖွဲ့ပါ ပါဝင်ပူးပေါင်းဆောင်ရွက်နေတယ်။ ဘယ်သူဘယ်ဝါတွေကို ဖမ်းဆီးထားတယ်ဆိုတာတော့ အတည်ပြုပေးလို့ မရသေးဘူး။ ကျွန်တော်တို့ဘက်က ဆောင်ရွက်နေတဲ့အပိုင်းက သင်္ဘောပေါ်ကို မူးယစ်ဆေးဝါးတွေ ဘယ်လိုရောက်အောင် တင်တယ်၊ ဘယ်လိုဝန်ထမ်းတွေက ပါဝင်ခဲ့လည်းဆိုတဲ့ ဝန်ထမ်းပိုင်းဆိုင်ရာ ကိစ္စရပ်တွေပါ ပါတာပေါ့။ အဲဒါတွေနဲ့ပတ်သက်ပြီး ပူးပေါင်းစုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်နေပါတယ်”ဟု စသုံးလုံးမှ အရာရှိတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံဘက်မှ တင်သွင်းလာသည့် လက်ဖက်ခြောက်ထုပ်များအတွင်းမှ အမေရိကန်ဒေါ်လာ ၁၈ သန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မေလ ၂၂ ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့ပြင်ရှိ ပို့ကလန်တွင် အကောက်ခွန် တာဝန်ရှိသူများက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ယင်းအမှုနှင့်ပတ်သက်၍ မလေးရှားနိုင်ငံမှ ရဲတပ်ဖွဲ့က အမှုမှသံသယရှိသည့် မြန်မာနိုင်ငံသား သုံးဦးကို ဖမ်းဆီးထားသည်။

အဆိုပါ မူးယစ်ဆေးဝါးများ ပါရှိသည့် ကွန်တိန်နာပုံးကို တင်ဆောင်လာသောသင်္ဘောမှာ ရန်ကုန်ဆိပ်ကမ်းမှ ထွက်ခွာလာကြောင်း ရဲအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရပြီး ယင်းဖြစ်စဉ်မှ ပုဇွန်တောင်မြို့နယ်တွင် နေထိုင်သည့် မသင်္ကာသူများ၏ နေအိမ်တိုက်ခန်းကို ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ကြောင်းနှင့် ကုမ္ပဏီပိုင်ရှင် အမျိုးသားတစ်ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ရဲတပ်ဖွဲ့က အဆိုပါသတင်းကို အတည်ပြုမပေးခဲ့ဘဲ အမှုကို အမြန်ဆုံး ဖော်ထုတ်နိုင်ရန် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း မူးယစ်တားဆီးနှိမ်နင်းရေး တပ်ဖွဲ့ထံမှ သိရှိရသည်။

The Voice

0 comments:

Post a Comment