Wednesday, June 6, 2018

ရုရှားအပေါ် အီးယူ၏ ဒဏ်ခတ် အရေးယူမှုများ ဖယ်ရှားပေးရန် ဩစတြီးယားသို့ ပူတင်သွားရောက်ကာ လော်ဘီလုပ်


ဥရောပသမဂ္ဂ(အီးယူ) အလှည့်ကျ ဥက္ကဋ္ဌရာထူးကို မကြာမီ ရယူတော့မည့် အနောက်ဥရောပနိုင်ငံ တစ်နိုင်ငံဖြစ်သော ဩစတြီးယားသို့ ရောက်ရှိနေသည့် ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ရုရှားအပေါ် သတ်မှတ်ပြဋ္ဌာန်းထားသော အီးယူဒဏ်ခတ် အရေးယူမှုများကို ဖယ်ရှားပေးရန် ခရီးစဉ်အတွင်း ဩစတြီးယားအစိုးရကို သွေးဆောင်စည်းရုံးလျက်ရှိကြောင်း ဂျာမန်သတင်းဌာန DW က ရေးသားဖော်ပြသည်။

ဩစတြီးယားခရီးစဉ်သည် ဗလာ ဒီမာပူတင် ရုရှားသမ္မတအဖြစ် စတုတ္ထအကြိမ် ရွေးကောက်တင်မြှောက်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်ဖြစ်သည်။ ပူတင်သည် ယူကရိန်းနိုင်ငံ ကရိုင်းမီးယား ခွဲထွက်ရေးကိစ္စတွင် မော်စကိုအစိုးရက ခွဲထွက်ရေးဝါဒီများဘက်က ပံ့ပိုးကူညီခဲ့ပြီး ယင်းဒေသကိုသိမ်းယူခဲ့ခြင်းကြောင့် ရုရှားအပေါ် ဥရောသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့ထားမှုများအား ဖယ်ရှားပေးရန်အလို့ငှာ ဩစတြီးယားသို့ သွားရောက်ခြင်းဖြစ်သည်။

ယင်း အီးယူဒဏ်ခတ် အရေးယူမှုများနှင့်ပတ်သက်၍ ပူတင်က “အဲဒီလုပ်ဆောင်ချက်တွေဟာ လူတိုင်းကို ထိခိုက်စေပါတယ်၊ လုပ်တဲ့သူတွေရော၊ အလုပ်ခံရတဲ့သူတွေကိုပါ ထိခိုက်စေပါတယ်။ အဲဒါကြောင့် အဲဒီ ပိတ်ဆို့အရေးယူမှုတွေကို ဖျက်သိမ်းပစ်ရေးဟာ အားလုံးနဲ့သက်ဆိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်”ဟု သမ္မတပူတင်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

သို့သော် ဩစတြီးယား အဓိပတိ (ဝန်ကြီးချုပ်) ဆဘားစတိန်ကုဇ်က ဩစတြီးယားအနေနှင့် အီးယူအဖွဲ့နှင့် သွေဖည်မည်မဟုတ်ကြောင်း ထုတ်ဖော်ပြောကြားသည်။ အီးယူက ရုရှားအပေါ် ဒဏ်ခတ် အရေးယူမှုများ ဖယ်ရှားရမည်ဆိုပါက ယူကရိန်း အရှေ့ပိုင်း ကရိုင်းမီးယားဒေသ အခြေအနေ တိုးတက်ကောင်းမွန်မှုရှိထားရမည်ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

“သူနိုင်-ကိုယ်နိုင် အနေအထားက သူရှုံး-ကိုယ်ရှုံး အနေအထားထက် နှစ်ဖက်စလုံးကို ပိုပြီးအကျိုးအမြတ် ဖြစ်ထွန်းစေလိမ့်မယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်ထားပါတယ်”ဟု ဆဘားစတိန်ကုဇ်ကဆိုသည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်ကမူ ဩစတြီးယားအစိုးရခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမှုများသည် လွန်စွာ အပြုသဘော ဆောင်ခဲ့ကြောင်း၊ သို့သော် လွယ်ကူချောမွေ့သည့် ဆွေးနွေးပွဲများ မဟုတ်ကြောင်း သုံးသပ်ပြောကြားသည်။ ပူတင်က ရုရှားနှင့် ဥရောပသမဂ္ဂအကြား ဆက်ဆံရေးတွင် လန်းဆန်းသစ်လွင်သည့် နိဒါန်းတစ်ခု စတင်ရန် တိုက်တွန်းသည်။

ရုရှားသမ္မတပူတင်သည် ဩစတြီးယား ပြည်သူ့ပါတီ(OVP) နှင့် လက်ယာစွန်း လွတ်လပ်မှုပါတီ (FPO) ၏ ဒုတိယဥက္ကဋ္ဌ ဟိုင်းဇ်ခရစ်ရှန်စရာရှာတို့နှင့် တွေ့ဆုံဆွေး နွေးခဲ့သည်။

ဩစတြီးယားသည် ရုရှားနှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးတစ်ရပ်ကို ဆက်လက် ထူထောင်ထားဆဲဖြစ်သည်။ ရုရှားသူလျှို ဆာဂျီစခရီပါနှင့် သူ၏သမီးဖြစ်သူတို့ ဗြိတိန်တွင် အဆိပ်ဖြင့်တိုက်ခိုက်ခြင်းခံရမှုကြောင့် ဥရောပနိုင်ငံ အတော်များများက ရုရှားသံတမန်များကို နှင်ထုတ်ခဲ့သော်လည်း ဩစတြီးယားအစိုးရက ယင်းသို့မလုပ်ခဲ့ပေ။ 

ဂျာမန်ဘာသာစကား ပြောဆိုသည့် ဩစတြီးယားနိုင်ငံ၏ လက်ရှိအာဏာရအစိုးရသည် လက်ယာယိမ်း အစိုးရဖြစ်ပြီး အီးယူအဖွဲ့ဝင်နိုင်ငံများနှင့်အတူ ရုရှားအပေါ် ဒဏ်ခတ်အရေးယူမှုများ ပြုလုပ်ထားသော်လည်း ယင်းပိတ်ဆို့မှုများကို ဖယ်ရှားပေးရန် ဆော်ဩထားပြီဖြစ်သည်။

The Voice

0 comments:

Post a Comment