Wednesday, June 6, 2018

နှုတ်ထွက်သွားသော ပြည်ထောင်စုဝန်ကြီး ကိစ္စအပါအ၀င် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် မှ သတင်းစာရှင်းလင်းပွဲ ကျင်းပမည်


နှုတ်ထွက်သွားသော ပြည်ထောင်စုဝန်ကြီးကိစ္စအပါအ၀င် အဂတိလိုက်စားမှုနှင့် ပတ်သတ်သည့် အခြားအကြောင်းအရာများကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ရက်ပိုင်းအတွင်း သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ကျင်းပသွားမည်ဖြစ်ကြောင်း ဇွန်လ ၆ရက် တွင် ကော်မရှင်အဖွဲ့ဝင် ဦးဟန်ညွန့် က အကုန်သိသတင်းဌာနသို့ ပြောသည်။
ကော်မရှင်အနေဖြင့် သတင်းမထုတ်ပြန်ဟု ဝေဖန်နေကြသည်မှာ မဟုတ်ကြောင်း၊ သတင်းထုတ်ပြန်မှုကို ၀က်ဘ်ဆိုဒ်တွင်လည်းကောင်း လှုမှုကွန်ရက်တွင် လည်းကောင်း အမြဲတမ်း တင်ရှိသွားသည်ဟု ၄င်းက ဆိုသည်။

’’ကျွန်တော်တို့အနေနဲ့ အကုန်လုံးကို ဖုံးဖိထားတယ်ဆိုတာတော့ မဟုတ်ပါဘူး။ မကြာခင် ရက်ပိုင်းအတွင်း နေပြည်တော်မှာ သတင်းစာရှင်းလင်းပွဲလုပ်မှာပါ။ အဲဒီ ၀န်ကြီးအကြောင်းလည်းပါမှာပေါ့။ ဒါပေမယ့်သူ့တစ်ယောက်ထဲအကြောင်းတော့ မဟုတ်ပါဘူး။ အကုန်လုံး ကိစ္စရပ်ကို ရှင်းမှာပါ။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က လုပ်နေတာတွေကိုပေါ့။ တစ်ချို့အရာတွေ ထုတ်ပြတာမှာ မရှင်းဘူးဆိုတာက ကျွန်တော်တို့လည်းပြဌာန်းချက် ဥပဒေတွေနဲ့ ဘောင်ဝင်အောင် လုပ်ရတာရှိတယ်။ လျှို့ ဝှက်နဲ့ အကျုံးဝင်လို့ ချက်ချင်းပြောလို့မရတာရှိတယ်။ ရှင်းတာ ကျွန်တော်တို့ ရှင်းမှာပါ။ မပူပါနဲ့’’ဟု ဦးဟန်ညွန့်က ပြောသည်။

ပြီးခဲ့သည် မေလအတွင်းက  ပြည်ထောင်စုဝန်ကြီးဖြစ်သော ဦးကျော်ဝင်း၏ သားဖြစ်သူအား စုံစမ်းစစ်ဆေးမှုများပြုလုပ်သည်ဟု သတင်းထွက်ပေါ်ပြီးနောက် စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီး ဦးကျော်ဝင်းက  ရက်ပိုင်းအတွင်း နှုတ်ထွက်သွားခဲ့ခြင်းဖြစ်သည်။

မင်းသီဟန် (အကုန်သိသတင်းဌာန)

0 comments:

Post a Comment