Wednesday, June 6, 2018

ဘင်္ဂလားဒေ့ရှ်ပြန် ဒုက္ခသည်များ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအတွက် ကုလသမဂ္ဂ ထောက်ပံ့မည်

ဘင်္ဂလားဒေ့ရှ်မှ ပြန်လာမည့်ဒုက္ခသည်များ ပြန်လည်လက်ခံရေး အစီအစဉ်၌ ရှေ့ပြေးစီမံကိန်းများ အကောင်အထည်ဖော်ရာတွင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအတွက် ကုလသမဂ္ဂ အဖွဲ့အစည်းနှစ်ခုက ထောက်ပံ့ပေးမည် ဖြစ်သည်။

နိုင်ငံတော်အတိုင်ပင်ခံရုံး ထုတ်ပြန်ချက်တွင် နေရပ်စွန့်ခွာသူများသည် မိမိသဘောဆန္ဒအလျောက် ပြန်လာရေးနှင့် ပြန်လည် နေရာချထားရေး လုပ်ငန်းများ၊ ရှေ့ပြေးစီမံကိန်းနှင့် အခြားစီမံကိန်းများ အကောင်အထည်ဖော်ရာတွင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ အကောင်အထည်ဖော်ရန် မြန်မာအစိုးရကို ကုလသမဂ္ဂအဖွဲ့အစည်း ၂ ဖွဲ့က ထောက်ပံ့ပေးမည်ဖြစ်သည်။

ဒုက္ခသည်များ ထောက်ပံ့ပေးမည့် အစီအစဉ်များနှင့်ပတ်သက်၍ မြန်မာအစိုးရနှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၊ ကုလသမဂ္ဂ ဖွံ့ ဖြိုးမှုအစီအစဉ် (UNDP)တို့ ဇွန်လ ၆ ရက်တွင် နေပြည်တော် အမျိုးသား ပြန်လည် သင့်မြတ်ရေး ဗဟိုဌာန၌ နားလည်မှု စာချွန်လွှာ MoU ရေးထိုးခဲ့သည်။

“ဒီနေ့ လက်မှတ်ရေးထိုးတယ်။ အသေးစိတ် အချက်အလက်တွေကို ထုတ်ပြန်ချက်မှာ ကြည့်ပေးပါ”ဟု အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးအေးလွင်က ဆိုသည်။

နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ သံတမန်များ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး လိုအပ်သည့် လုပ်ထုံးလုပ်နည်းများကို ဇွန်လ ၆ ရက်တွင် လက်မှတ်ရေး ထိုးခဲ့သည်။

အဆိုပါအခမ်းအနားတွင် နိုင်ငံတော် အတိုင်ပင်ခံ ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆွေက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးအေးလွင်နှင့် ကုလသမဂ္ဂဌာန ညှိနှိုင်းရေးမှူး UN Resident Coordinator၊ ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံးကိုယ်စား လှယ်တို့က နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်သည်။

နားလည်မှု စာချွန်လွှာတွင် ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရာတွင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်၏ အကြံပြုချက်များကို ကုလသမဂ္ဂအဖွဲ့အစည်း ၂ ဖွဲ့က ထောက်ခံကြောင်း MoU တွင် အတည်ပြုထားသည်။

အဆိုပါ နားလည်မှုစာချွန်လွှာ ရေးထိုးနိုင်ရန် မြန်မာအစိုးရနှင့် သုံးလကျော်အကြာ ဆွေးနွေးပြီးနောက်ပိုင်းမှ MoU လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့ ဘင်္ဂလားဒေ့ရှ်မှ ပြန်လာမည့် ဒုက္ခသည်များ ပြန်လည်လက်ခံရေး အစီအစဉ်များကို ပူးပေါင်းဆောင်ရွက်ရန် မေလ ၃၁ ရက်က သဘောတူညီမှု ရရှိခဲ့သည်။

The Voice

0 comments:

Post a Comment