Thursday, June 14, 2018

မင်းပြားမြို့နယ်​တွင်​​ ရေကြီးမှု​ကြောင့် ကျောင်း​ပေါင်း ၂၀၀ ခန့် ပိတ်ထားရ


မိုးအဆက်​မပြတ်​ရွာသွန်းပြီး ရေကြီးလာတာ​ကြောင့် ရခိုင်​ပြည်​နယ်​၊ မင်းပြားမြို့နယ်​က စာသင်​​ကျောင်း​ပေါင်း ၂၀၀ ​လောက်​ကို ပိတ်​ထားလိုက်​ပြီလို့ မင်းပြားမြို့နယ်​ ပညာ​ရေးဌာနက သိရပါတယ်​။


မင်းပြားမြို့နယ်​ ဒု-မြို့နယ်​ပညာ​ရေးမှူး ဦး​မောင်​​အောင်​စိန်​က “ဇွန်လ ၁၃ ရက်​​နေ့မှာ ဆိုရင်​ ​ကျောင်း ၂၅​ ကျောင်း ပိတ်​တယ်​။ ဒီ​နေ့မှာဆိုရင်​​တော့ ကျောင်းအားလုံးနီးပါး ပိတ်​လိုက်​ပြီ၊ စုစု​ပေါင်း ​ကျောင်းပိတ်​လိုက်​တာက ၁၈၀ ​ကျော်​ပိတ်​ထားတယ်​။ ကျန်​တဲ့အဆက်​အသွယ်​မရတဲ့ နေရာ​တွေ ရှိ​နေတယ်​။ ဘယ်​လိုမှ ဖုန်းလိုင်း အဆက်​အသွယ်​မရဘူး။ အဆက်​အသွယ်​မရတာ ကျောင်း​ပေါင်း ၃၀​ လောက်​ပဲ ကျန်​​တော့တယ်​”​လို့ ပြောပါတယ်​။

မင်းပြားမြို့မှာ လက်​ရှိ အချိန်​အထိ ​ရေ ၅ ​ပေလောက်အထိ မြင့်တက်​​နေသလို မင်းပြားမြို့နယ်ထဲက ပန်းမြောင်းကြီးချောင်းကျေးရွာတွေ ဖြစ်ကြတဲ့ ဒုံးသား၊ ဆန်းဆိပ်၊ တံခွန်တိုင်၊ ကုလားမတောင်၊ ဝါးတောင်၊ မင်းဖူး၊ အသေကာလကျေးရွာနဲ့ ပုလဲတောင် ကျေးရွာတို့မှာလည်း ရေ ၅ ပေ​ကျော်​အထိ တက်နေပါတယ်။

ဒါ့အပြင် မင်းပြားမြို့နယ် ဖုံသာချောင်းဘက်မှာ ဆိုရင် မင်းတမ်းမ၊ လက်ခုက်၊ စိတ္တရ၊ ကျောက်မော်၊ ဖုံသာချောင်း၊ သလူချောင်းကျေးရွာတွေတို့မှာလည်း ရေ ၆​ ပေ​ကျော်​အထက် တက်နေတယ်လို့ သိရပါတယ်။

မင်းပြားမြို့နယ်​ ဒု-မြို့နယ်​ပညာ​ရေးမှူးက “ကျ​နော်​တို့ ရုံးမှာ​တောင်​ ​ရေ ၅ ​ပေ​ကျော်​ တက်​​နေပြီ၊ ဒါက မြို့​ပေါ်မှာပဲ ရှိ​သေးတယ်​။ မင်ပြားနယ်ဘက်တွေက ဖုံးသာ​ချောင်း၊ ပန်း​မြောင်​ကြီး​ချောင်းဆိုရင်​ ၆​ ပေက​နေ ၇​ ပေအထိ​ တက်​​နေတယ်​။ ဒီလို​ရေကြီး​နေတဲ့အချိန်​မှာ ဆရာ၊ ဆရာမ​တွေ နားခိုင်းထားပါတယ်​။ အန္တရာယ်​များလို့​”လို့ ပြောပါတယ်​။

မင်းပြားမြို့နယ်​မှာ ရေဘေး စိုးရိမ်​ရတဲ့အ​ခြေအ​နေ ရှိ​နေပြီး ဒေသခံတွေဟာ ဘုန်း​တော်​ကြီး​ကျောင်း​တွေ၊ စာသင်​​ကျောင်း​တွေမှာ ခိုလှုံနေကြရကာ ​​မြောက်​ဦး၊ အမ်းနဲ့ ဂွဒေသတွေဘက်မှာလည်း ရေကြီးနေလို့ ကူညီကယ်​ဆယ်​​ရေး​ပေးဖို့ စီစဉ်​​နေတယ်လို့ ရခိုင်​ပြည်​နယ်​​ ဘေးအန္တရာယ်​ စီမံခန့်​ခွဲရေးမှူးရုံးက ဦးစီးမှူးရဲမင်းဦးက ပြောပါတယ်။

မိုးအဆက်မပြတ် ရွာသွန်းမှု​ကြောင့် ရခိုင်​ပြည်​နယ်​ အနှံ့အပြားမှာ ​ရေကြီးမှု​တွေ၊ လေပြင်းနဲ့ ​​လေဆင်​နှာမောင်း တိုက်​ခတ်​မှုတွေကြောင့် လူနေအိမ်တွေ၊ ဘာသာ​ရေး အဆောက်အအုံ​တွေ၊ စာသင်​​ကျောင်းတွေ ပျက်​စီးပြီး  လူနဲ့ တိရစ္ဆာန်​​ သေဆုံးတာတွေလည်း ရှိပါတယ်​။

ဝဏ္ဏခွာညို
DVB



0 comments:

Post a Comment