Tuesday, June 12, 2018

ရန်ကုန်တိုင်းအစိုးရ၏ စီမံကိန်းများ အိပ်မက်လှလှမက်သလို ဖြစ်နေ


ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ စီမံကိန်းတွေဟာ အိပ်မက်လှလှမက်သလို ဖြစ်နေတယ်လို့ ဒဂုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ဝေဖန်ပြောဆိုပါတယ်။

ဇွန်လ ၁၂ ရက်ကပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ရန်ကုန်တိုင်း ဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ကွပ်ကဲမှုအောက်ရှိ မြို့နယ်၁၁ မြို့နယ်မှာ နိုင်ငံတကာ အဆင့်မီစက်မှုဇုန်တွေ အကောင်အထည်ဖော်ဆောင်ရွက်မယ့် အစီရင်ခံစာနဲ့ ပတ်သက်ပြီး အခုလို ထည့်သွင်းပြောဆိုသွားတာပါ။

ဦးကျော်ဇေယျက “ရန်ကုန်တိုင်းဒေသကြီးအစိုးရက စီမံကိန်းတွေ တင်လိုက်ရင် အရမ်းကောင်းပါတယ်။ အမြဲတမ်းပဲ အိပ်မက်လှလှလေးတွေ မက်ပြီးတင်ပြတာ။ ကျနော်တို့ ကလည်း အိပ်မက်လှလှလေးတွေကို အကောင်အထည်ဖော်စေချင်ပါတယ်။ သို့သော်ဖြစ်နိုင်ခြေ ရှိရဲ့လား။ မြို့နယ် ၁၁ မြို့နယ်မှာ ဇုန် ၁၁ ဇုန်ကို လယ်မြေဧက ၁၂၃၀၂ ဧကကျော်ပေါ်မှာ တပြိုင်ထဲ လုပ်မယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။ လယ်မြေတွေ မဆုံးရှုံးနိုင်ဘူးလား။ ဒီလို အကောင်အထည်ဖော်မယ့်အစား တောင်ပိုင်းခရိုင်မှာ ၁ ခု၊ မြောက်ပိုင်းခရိုင်မှာ တခု စတင် အကောင်အထည်ဖော်ရင် မကောင်းဘူးလား။ ရန်ကုန်တိုင်း အစိုးရအနေနဲ့ ဖြစ်သင့်ဖြစ်ထိုက်တာကို လုပ်စေချင်ပါတယ်။ အိမ်မက်လှလှလေးတွေ မက်နေမယ်ဆိုရင်တော့ ၂၀၂၀ ကလည်း နီးပါပြီး။ ဒါလေးတွေက အကျိုးသက်ရောက်မှုရှိသွားနိုင်ပါတယ်”လို့ ပြောပါတယ်။

ရန်ကုန်တိုင်းထဲက ဖွံ့ဖြိုးမှုနည်းတဲ့ မြို့နယ်၁၁ ခုမှာ နိုင်ငံတကာအဆင့်မီ စက်မှုဇုန်၁၁ ခု တည်ထောင်မယ့် စီမံကိန်းကို ရန်ကုန်မြို့တော်ဝန်က ဇွန်လ ၅ ရက် ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးမှာ တင်ပြခဲ့တာပါ။

စက်မှုဇုန်တွေကို ကော့မှူး၊ ကွမ်းခြံကုန်း၊ ခရမ်း၊ သုံးခွ၊ တွံတေး၊ သန်လျင်၊ ကျောက်တန်း၊ တိုက်ကြီး၊ မှော်ဘီ၊ လှည်းကူး၊ ထန်းတပင် မြို့နယ်တို့မှာ အကောင်ထည်ဖော်ဖို့စီစဉ်ထားပြီး ဇုန်တွေဟာ အနည်းဆုံး ဧက ၇၀၀ လောက်ကနေ ဧက ၁၈၀၀ ကျော်ထိ အသီးသီး ကျယ်ဝန်းမယ်လို့ သိရပါတယ်။

DVB

0 comments:

Post a Comment