Wednesday, June 6, 2018

ထီးခီးနယ်စပ် ဌာနဆိုင်ရာ အရာရှိအချို့ အဂတိလိုက်စားသည်ဟု တိုင်ကြားထားသည့်အမှု ဇွန်လလယ် အပြီးစစ်မည်


ထားဝယ်ခရိုင်အတွင်းရှိ ထိုင်း- မြန်မာ နယ်စပ်တစ်ခုဖြစ်သည့် ထီးခီးနယ်စပ်တွင် ဌာနဆိုင်ရာအရာရှိအချို့က KNU တပ်ဖွဲ့နှင့်ပေါင်းကာ အဂတိလိုက်စားသည် ဟုဆိုကာ ပြီးခဲ့သည့် ဧပြီလက နိုင်ငံတော် သမ္မတထံ တိုင်ကြားထားမှုကို ယခုဇွန်လလယ်ပိုင်းတွင် အပြီးစစ်ဆေးမည်ဖြစ်ကြောင်း ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဇင်က ပြောသည်။

ထီးခီးနယ်စပ်တွင် တာဝန်ကျနေသည့် ဌာနဆိုင်ရာအရာရှိအချို့က အဂတိ လိုက်စားကာ ကာစီနိုလောင်းကစားရုံများ ခွင့်ပြုထားခြင်း၊ ထိုင်းနိုင်ငံသို့ အလုပ်သွားလုပ်မည့်သူများထံတွင် ငွေကြေးကောက်ခံခြင်း အစရှိသည့်အချက်များကို တိုင်ကြားထားကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ထားဝယ် ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်ကာ ဟိုတယ်/ခရီး၊ စားသုံးသူရေးရာ ဌာနတို့မှ အဖွဲ့ဝင် ၃ ဦးပါ စုံစမ်းစစ်ရေးအဖွဲ့ဖြင့် စစ်ဆေးကာ စစ်ဆေးတွေ့ရှိချက်၊ အကြံပြုချက်များဖြင့် ဇွန်လ ၁၅ ရက်တွင် ပြန်လည်တင်ပြရန် တိုင်းအစိုးရအဖွဲ့က ညွှန်ကြားထားကြောင်း ဦးမောင်မောင်ဇင်ကဆိုသည်။

ထီးခီးတွင် တာဝန်ထမ်းဆောင်နေသည့် ကုန်သွယ်ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ လဝကဌာန၊ ထွေအုပ်ဌာနတို့မှ အရာရှိများက KNU တပ်ဖွဲ့နှင့်ပေါင်းပြီး ထိုင်းဘတ်ငွေ သန်းပေါင်းများစွာ အဂတိလိုက်စားကာ ကာစီနိုလောင်း ကစားရုံ၊ Resort များကို ဆောက်လုပ်ထားခြင်း၊ ထိုင်းနိုင်ငံသို့ အလုပ်သွားရောက် လုပ်ကိုင်နေသူများထံမှ ငွေကြေးကောက်ခံနေသည်ဟု တောင်သုံးလုံးရွာ ဒေသခံတစ်ဦးက တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း အထက်ပါရုံးထံမှ သိရသည်။

တိုင်ကြားစာတွင် ယင်းကဲ့သို့ လုပ်ဆောင်နေမှုကို ထောက်ခံကြောင်း လက်မှတ်ရေးထိုးထားသူ ၁၅ ဦးရှိပြီး ၎င်းတို့၏ အမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ် မှန်ကန်မှု ရှိ/မရှိကို စိစစ်ခိုင်းထားကြောင်း ၎င်းကဆိုသည်။

အတည်ပြုမေးမြန်းရန် တိုင်ကြားသူကို ဇွန်လ ၆ ရက်နေ့က ခရိုင်အုပ်ချုပ်ရေးမှူးရုံးသို့ ဖိတ်ခေါ်ထားပြီး ထောက်ခံလက်မှတ်ထိုးသူများ အချက်အလက် မှန်ကန်ပါက ၎င်းတို့ကိုလည်း မေးမြန်းမည်ဖြစ်ကြောင်း ဦးမောင်မောင်ဇင်က ပြော သည်။

“သေးသေးမွှားမွှား တိုင်တာတော့ အများကြီး ရှိတယ်၊ ဒီလောက်ကြီး ကြီးကြီးမားမားကြီးက ဒါပထမဆုံးအကြိမ်ပဲ”ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင် (ခရိုင် အုပ်ချုပ်ရေးမှူး) ဦးမောင်မောင်ဇင်က ဆိုသည်။

တိုင်ကြားစာတွင် အထက်ပါဌာနဆိုင်ရာ အရာရှိများက KNU တပ်ဖွဲ့နှင့်ပေါင်းပြီး လုပ်ဆောင်သည်ဟု ပါရှိသည့်အတွက် စုံစမ်းစစ်ဆေးရာတွင် ပူးပေါင်းကူညီရန် KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် ဥက္ကဋ္ဌနှင့် ဆွေးနွေးညှိနှိုင်းထားကြောင်း ၎င်းကပြောသည်။

ယခင်ကတည်းက အစိုးရဌာနဆိုင်ရာများနှင့် ဆက်စပ်ဆောင်ရွက်ခြင်း (အဂတိလိုက်စားခြင်း) မရှိခဲ့ကြောင်း KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင် ဥက္ကဋ္ဌ ပဒိုစောဆာပိတုက ဆိုသည်။

“အစိုးရဌာနဆိုင်ရာက သူ့အလုပ် သူ လုပ်နေတာ၊ KNU ကလည်း KNU တာဝန်ပဲ လုပ်နေတာ၊ ဌာနဆိုင်ရာတွေနဲ့ KNU ပေါင်းပြီး လုပ်စားနေတာမျိုး မရှိဘူး”ဟု ပဒိုစောဆာပိတုကပြောသည်။

ယင်းအပြင် ဌာနဆိုင်ရာအရာရှိများက ပြင်ပ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုနှင့်ပေါင်းကာ အဂတိလိုက်စားနေကြောင်း တိုင်ကြားစာတွင်ပါရှိသည်ဟု အထက်ပါဌာနထံမှ သိရသည်။

Dawei Watch


0 comments:

Post a Comment