Wednesday, June 6, 2018

ယူနက်စကိုစာရင်းဝင် မြဂနိုင်ရုပ်ရှင်မူရင်းဖလင်များ မပျက်စီးရန် အအေးသိုလှောင်ခန်းဖြင့် ထိန်းသိမ်းမည်


အာရှ - ပစိဖိတ် ယူနက်စကိုမှတ်တမ်း အမွေအနှစ် စာရင်းဝင် (ဒေသအဆင့်) သတ်မှတ်ခံရသော မြဂနိုင်ရုပ်ရှင်ဇာတ်ကားကိုထိန်းသိမ်းရန် ယူနက်စကို၏ထောက်ပံ့မှု ရရှိပါက မူလရိုက်ကူးခဲ့သော ရှေးဟောင်းဖလင်များ မပျက်စီးရေးအတွက် အအေးသိုလှောင်ခန်းပြုလုပ်၍ ထားရှိမည်ဖြစ်ကြောင်း Save Myanmar Film မှ ကိုသိဒ္ဓိက ပြောကြားသည်။

“မူလဖလင်တွေကို ရေရှည်ထိန်းသိမ်းနိုင်ဖို့ စဉ်းစားတာပေါ့။ အရင်ခေတ်က ဖလင်ထည့်တဲ့ဘူးတွေက သံဘူးတွေနဲ့ လုပ်ထားတယ်။ နောက်ထပ် ဆယ်နှစ်ကျော်လောက်ဆို ဖလင်တွေက သံဓာတ်ကြောင့် ပျက်စီးနိုင်တယ်။ ဒီနေရာမှာလည်း ကော်ဘူးတွေနဲ့ အစားထိုးထားဖို့ စီစဉ်ထားတယ်”ဟု Save Myanmar Film အဖွဲ့ တည်ထောင်သူတစ်ဦးဖြစ်သူ ၎င်းကဆိုသည်။

လက်ရှိ၌ မြဂနိုင်ရုပ်ရှင်ဇာတ်ကား၏ မူလဖလင်များကို အီတလီနိုင်ငံ၌ ခေတ်မီ ကွန်ပျူတာနည်းပညာဖြင့် ထိန်းသိမ်းထားရှိရန် ခေတ္တ ပေးပို့ထားကြောင်း၊ ရုပ်ရှင်ခေတ်ဦးပိုင်းဖြစ်သည့် ၁၉၃၄ ခုနှစ်က ရိုက်ကူးသော ယင်းဇာတ်ကားမှာ နောက်ခံအသံ ထည့်သွင်းထားသည့် အသံတိတ် ရုပ်ရှင်ဇာတ်လမ်း ဖြစ်သည်။

“ယူနက်စကိုက ဘယ်လိုကူညီမှာလဲ ဆိုတဲ့ကိစ္စတွေမှာ တိတိကျကျသိနိုင်ဖို့ ကျွန်တော်တို့လည်း ကူညီမယ်၊ အထူးသဖြင့် မြဂနိုင်ရုပ်ရှင်ကားကို ယူနက်စကိုဘက်က ကူညီဖို့ တာဝန်ရှိသွားပြီ။ သို့သော် တာဝန်ရှိဆိုတာနဲ့ ဒေါ်လာတွေ အလိုအလျောက် ရလာမှာမျိုး မဟုတ်ဘူး။ ရမယ့် ပမာဏက မှန်းလို့မရဘူး”ဟု မြန်မာနိုင်ငံမှ ယူနက်စကို အမျိုးသားကော်မရှင် အတွင်းရေးမှူးချုပ်လည်းဖြစ်၊ ရန်ကုန်နိုင်ငံခြားဘာသာသင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်က ပြောကြားသည်။

မြဂနိုင်ရုပ်ရှင်ဇာတ်ကား အမွေအနှစ် စာရင်းဝင်ဖြစ်ရန် ကြိုးစားခဲ့သော စာရေးဆရာ၊ ဒါရိုက်တာမောင်ဝဏ္ဏ၏ သားဖြစ်သူ Save Myanmar Film အဖွဲ့ တည်ထောင်သူတစ်ဦးဖြစ်သူ ကိုဥက္ကာထံ ယူနက်စကို၏ အသိအမှတ်ပြုလက်မှတ်ကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ရန်ကုန်နိုင်ငံခြား ဘာသာသင်တက္ကသိုလ်တွင် ဇွန်လ ၆ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲ၌ ဒေါက်တာကြည်ရွှင်က ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံတွင် ၁၉၃၀ ကျော်က ရိုက်ကူးခဲ့သော ရှေးဟောင်း ရုပ်ရှင်ဇာတ်ကားကို စနစ်တကျ ထိန်းသိမ်းရန် လိုအပ်ပြီး အာရှ-ပစိဖိတ်ယူနက်စကို မှတ်တမ်း အမွေအနှစ် စာရင်းဝင် (ဒေသအဆင့်) သတ်မှတ်ခံရမှုနှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ အသေးစိတ်တင်ပြမည်ဖြစ်ကြောင်း Save Myanmar Film ထံမှ သိရသည်။

အဆိုပါအဖွဲ့ကို ၂၀၁၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး မြန်မာ့ရုပ်ရှင် အမွေအနှစ်ကို ထိန်းသိမ်းရန်နှင့် မြန်မာဇာတ်ကားများအပေါ် သုတေသနလုပ်ရန်ဖြစ်သည်။

The Voice

0 comments:

Post a Comment