Wednesday, June 6, 2018

မြန်မာက ပလတ်စတစ်အစား ပြန်သုံးနိုင်သည့်အရင်းအမြစ်ကို သုံးစွဲမှုအလေ့အထကောင်းများ ရှိနေသည့်နိုင်ငံဟု သမ္မတ ဦးဝင်းမြင့်ပြော


မြန်မာနိုင်ငံသည် ပလတ်စတစ်ပစ္စည်းများအစား ပြန်လည်အသုံးပြုနိုင်သည့် အရင်းအမြစ်များကို သုံးစွဲခဲ့ကြသော အလေ့အထကောင်းများ ရှိနေဆဲနိုင်ငံဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားလိုက်သည်။ 

ဇွန်လ ၅ ရက်က နေပြည်တော်တွင် ကျင်းပခဲ့သော ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား၌ ပြောကြားခဲ့ခြင်းဖြစ်ပြီး ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးရေးပန်းတိုင်ကို ရောက်ရှိစေရန် အထောက်အပံ့တစ်ခုအနေဖြင့် စွန့်ပစ်ပစ္စည်းများမှတစ်ဆင့် လူသုံးကုန်ပစ္စည်းများ ပြန်လည်ထုတ်လုပ်သုံးစွဲနိုင်မည့်နည်းလမ်းကိုလည်း စဉ်းစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။ " မြန်မာနိုင်ငံအနေနဲ့ ပလတ်စတစ်ပစ္စည်းများအစား ပြန်လည်အသုံးပြုနိုင်တဲ့ အရင်းအမြစ်များကို သုံးစွဲခဲ့ကြတဲ့ အလေ့အထကောင်းများ ရှိနေဆဲဖြစ်ပါတယ်။ သိသာထင်ရှားတဲ့ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် သောက်ရေကို မြေအိုးထဲထည့်သုံးခြင်း၊ ဈေးဝယ်ရာမှာ ကြိမ်ခြင်းကို အသုံးပြုခြင်းနဲ့ ဖက်ရွက်များကို အသုံးပြုထုပ်ပိုးခြင်း၊ မြန်မာ့လက်မှုပညာနဲ့ ပြုလုပ်ထားတဲ့ ကြိမ်ကုလားထိုင်၊ ဝါးကုလားထိုင်စတဲ့ အသုံးအဆောင်ပစ္စည်းတွေကို အသုံးပြုခြင်းတို့ ဖြစ်ပါတယ် " ဟု နိုင်ငံတော်သမ္မတက ပြောသည်။ ကမ္ဘာပေါ်မှာ ပလတ်စတစ်အိတ် ၅၀၀ ဘီလျံခန့် ကို နှစ်စဉ်အသုံးပြုလျက်ရှိနေပြီး ၅၀ ရာခိုင်နှုန်းခန့်သည် တစ်ခါသုံးပလတ်စတစ်အိတ်များ ဖြစ်ကြောင်း၊ နေ့စဉ်စွန့်ပစ်လျက်ရှိသည့် စွန့်ပစ်ပစ္စည်းအားလုံး၏ ၁၀ ရာခိုင်နှုန်းမှာ ပလတ်စတစ်များဖြစ်ပြီး ပင်လယ်၊ သမုဒ္ဒရာများအတွင်းသို့ နှစ်စဉ်ရောက်ရှိသွားသော ပလတ်စတစ်ပမာဏမှာ အနည်းဆုံးတန်ချိန် ၈ သန်းခန့် ရှိနေကြောင်း ကမ္ဘာ့လေ့လာမှုသုတေသနစစ်တမ်းကို ကိုးကား၍ နိုင်ငံတော်သမ္မတက ပြောသည်။ ပင်လယ်၊ သမုဒ္ဒရာများအတွင်း စွန့်ပစ်ပလတ်စတစ်များရောက်ရှိနေမှုကို ကမ္ဘာ့နိုင်ငံများအနေဖြင့် ထိန်းချုပ်ဆောင်ရွက်မှုမရှိခဲ့ပါက ၂၀၅၀ ပြည့်နှစ်ရောက်ချိန်၌ ပင်လယ်၊ သမုဒ္ဒရာအတွင်း ရှိနေတဲ့ ရေနေသတ္တဝါမျိုးစိတ် ပမာဏထက် ပလတ်စတစ်ပမာဏက ပိုရှိနေလိမ့်မည်ဟုလည်း လေ့လာဆန်းစစ်ချက်များက ထောက်ပြထားသည်။

“ ကောင်းမွန်တဲ့ သဘာဝပတ်ဝန်းကျင်ဆိုတာ ကျွန်တော်တို့ရဲ့ ဘိုးဘေးဘီဘင်တွေက လက်ဆင့်ကမ်းပေးလိုက်တဲ့ အမွေအနှစ်ဖြစ်ပြီး ကျွန်တော်တို့ကလည်း အနာဂတ် မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းပေးရမယ့် အမွေအနှစ်ဖြစ်ပါတယ် ” ဟု နိုင်ငံတော်သမ္မတက ပြောသည်။ ယင်းအတွက် ပလတ်စတစ်စွန့်ပစ်ပစ္စည်းအပါအဝင် စွန့်ပစ်ပစ္စည်းများကို လျှော့ချနိုင်ရေးတွင် တတ်နိုင်သမျှ ပြန်လည်ပြုပြင်သုံးစွဲနိုင်ရန်နှင့် စွန့်ပစ်ပစ္စည်းများကို ပြန်လည်ပြုပြင်ထုတ်လုပ်နိုင်ရန်အတွက် ပြည်တွင်းရှိ အသေးစား၊ အလတ်စားလုပ်ငန်းများကိုလည်း အားပေးဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။ 


အေ၀ိုင်အီး(အကုန်သိသတင်းဌာန)

0 comments:

Post a Comment