Wednesday, June 6, 2018

ယခင်ဆောင်ရွက်ထားပြီးသော လုပ်ငန်းများနှင့် မလိုအပ်သည့်လုပ်ငန်းများအတွက် ရခိုင်ပြည်နယ်အစိုးရက ဘဏ္ဍာငွေတင်ပြတောင်းခံထားသည်ကို တွေ့ရကြောင်း NLD ပါတီဝင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ပြောကြား


၂၀၁၈ – ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ခန့်မှန်းခြေ ငွေစာရင်း (လျာထားချက်) ၌ ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်ရန် ဘဏ္ဍာငွေတောင်းခံထားရာတွင် ယခင်ကဆောင်ရွက်ထားပြီး သောလုပ်ငန်းများနှင့် မလိုအပ်သည့် လုပ်ငန်းများအတွက် ရခိုင်ပြည်နယ်အစိုးရက ဘဏ္ဍာငွေများ တင်ပြတောင်းခံထားသည်ကို တွေ့ရကြောင်း NLD ပါတီသံတွဲမဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကြွေအေးက ဇွန် ၄ ရက်တွင် ကျင်းပသည့် ဒုတိယအကြိမ်အရေးပေါ်အစည်းအဝေး ဒုတိယနေ့တွင် တင်ပြဆွေးနွေးခဲ့သည်။

“ဘဏ္ဍာငွေတောင်းခံတဲ့အထဲမှာ ဆောင်ရွက်ပြီးသား လုပ်ငန်းတွေပါနေတယ်။ ငပလီမြို့ လင်းသာ၊ မြပင်ရပ်ကွက်နဲ့ ဟိုတယ်ဇုန်ကို ရေပိုက်လိုင်းသွယ်တန်းဖို့အတွက် ငွေကျပ်သိန်း ၃၀၀၀ ကျော် လျာထားတာတွေ့တယ်။ အဲဒီရေပိုက်လိုင်းဟာကိုယ်ထူကိုယ်ထ ဆောင်ရွက်ထားပြီးတဲ့ လုပ်ငန်းတွေဖြစ်နေတယ်။ နောက်ပြီး လုပ်ဖို့မလိုအပ်တဲ့ လုပ်ငန်းတွေပါတယ်။ မလိုအပ်ဘဲနဲ့ ဆောင်ရွက်လာရင်တော့ ကျွန်တော်တို့ဘက်ကလည်း ဥပဒေအတိုင်း လုပ်ရတော့မှာပါ။ အားလုံးအတွက် အကျိုးရှိစေချင်တယ်ဆိုရင် ဒီလုပ်ငန်းတွေကိုကျွန်တော်တို့ စနစ်တကျ ပြန်လည်စိစစ်ပြီးတော့ ကျွန်တော်တို့နဲ့ ညှိနှိုင်းပြီးတော့ ဆောင်ရွက်စေချင်ပါတယ်။ ကျွန်တော်တို့ အနေနဲ့လည်း ညှိနှိုင်းဆောင်ရွက်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်” ဟု ဦးနိုင်ကြွေအေးက ပြောကြားသည်။

ထိုသို့ ဘဏ္ဍာငွေတောင်းခံရန် လုပ်ဆောင်ရာတွင် သေချာစိစစ်ရန် လိုအပ်ကြောင်းနှင့် မလိုအပ်သောအငြင်းပွားမှုများ ဖြစ်လာပါက ငွေကြေးပြန်အပ်သည့် အခြေအနေမျိုး ရောက်လာလျှင် ပြည်သူများသာ နစ်နာကြောင်းလည်း လွှတ်တော်ကိုယ်စားလှယ် အချို့က သုံးသပ်ပြောကြားသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဘဏ္ဍာ/ အခွန် /စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက မဖြစ်မနေ ဆောင်ရွက်ရမည့်လုပ်ငန်းများကိုသာ ဆောင်ရွက်ရန်အတွက် ယခုကဲ့သို့ တောင်းခံထားခြင်းဖြစ်သည်ဟု မေ၂၉ ရက်တွင် ပြည်နယ်လွှတ်တော်၌ ပြောကြားထားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေအရ အသုံးဆိုင်ရာခန့်မှန်းခြေငွေစာရင်း (လျာထားချက်) အပေါ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိမ်းမောင်(မာန်အောင်- ၁)၊ ဦးစိုးဝင်း (ဂွ-၁)၊ ဦးသန်းမောင်ဦး(ရမ်း ဗြဲ-၂)၊ ဦးနိုင်ကြွေအေး (သံတွဲ-၂)၊ ဦးအေး သိန်း (စစ်တွေ-၁)၊ ဦးမောင်သန်းစိန် (ကျောက်တော်-၁) ဦးလှသိန်းအောင်(မင်းပြား-၁)၊ ဦးဦးသန်းနိုင်(ရသေ့တောင်-၁) အစရှိသော လွှတ်တော်ကိုယ်စားလှယ် ရှစ်ဦးတို့က အသီးသီးဆွေးနွေးခဲ့ကာ ဆွေးနွေးအကြံပြုချက်များအား ပြည်နယ်လွှတ်တော်က မှတ်တမ်းတင်ခဲ့ ပြီးအစည်းအဝေးကို ရပ်နားခဲ့သည်။

၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေအရ အသုံးဆိုင်ရာငွေစာရင်းအရ ပြည်ထောင်စုအစိုးရက ထောက်ပံ့ငွေ ၁၄၈၅၈၀ ဒသမ ၀၅၁ သန်းအပါအ၀င် ငွေလုံးငွေရင်းရငွေမှာ ၁၆၃၅၉၇ ဒသမ ၈၉၇ ကျပ်သန်းဖြစ်ပြီး သာမန်အသုံးစရိတ်ငွေမှာ ၄၆၂၅၉ ဒသမ ၅၃၆ သန်း(၄၆ ဘီလျံ)ဖြစ်ကာ ငွေလုံးငွေရင်းအသုံးစရိတ်မှာ ၁၁၇၃၃၈ ဒသမ ၃၆၁ သန်း (၁၁ ဘီလျံ) ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်လွှတ်တော်မှ ရခိုင်ပြည်နယ်အစိုးရက တင်ပြလာသည့် ဒေသန္တရစီမံကိန်းများအပေါ် ဘတ်ဂျက်တွင် ပယ်ချခဲ့ရမှုများနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်လွှတ်တော် ၂၀၁၈ ခုနှစ် ဧပြီ ၉ ရက်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး အဆိုပါ ရှင်းလင်းပွဲတွင်လွှတ် တော်ကိုယ်စားလှယ်များက ပြည်နယ်အစိုးရ၏ စီမံကိန်းများစွာအနက် မအောင်မြင်သော စီမံကိန်းများစွာကို တွေ့ရှိခဲ့ရကြောင်း၊ နှစ်စဉ် ငွေကြေးထည့်သွင်း လုပ်ဆောင်နေသော်လည်း အကျိုးအမြတ် ထွက်မလာသည့် မြစ်ရေတင်စီမံကိန်းများကိုလည်း တွေ့ရှိခဲ့ရကြောင်းနှင့် ယခင်နှစ်က လုပ်ဆောင်ထားပြီးသော စာသင်ကျောင်းများကို ထပ်မံလုပ်ဆောင်ရန် ငွေကြေးတင်ပြမှုများရှိခဲ့သဖြင့် ပယ်ချလိုက်ရသည့် ကိစ္စရပ်များရှိခဲ့ကြောင်း ပြောကြားမှုများရှိခဲ့သည်။

သန်းလှိုင်
Eleven Media Group

0 comments:

Post a Comment