Monday, June 18, 2018

ရှေ့နေဦးကိုနီအားလုပ်ကြံမှုဖြင့် တရားစွဲဆိုခံထားရသူများကို တိုင်းတရားရုံးမှ စွဲချက်တင်ပြင်ဆင်မှုအမိန့်ချမှတ်


ရှေ့နေဦးကိုနီလုပ်ကြံခံရမှုနှင့်ပတ်သက်၍ တရားစွဲဆိုခံထားရသူများကို လက်ရှိစွဲဆိုထားသော အမှုတွဲများအား ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်ရုံးမှ ယနေ့(ဇွန်လ ၁၈ ရက်)တွင် စွဲချက်တင်ပြင်ဆင်မှု အမိန့် ချမှတ်ခဲ့သည်။ 

ရှေ့နေဦးကိုနီကို လုပ်ကြံမှုဖြင့် တရားစွဲဆိုခံထားရသော အောင်ဝင်းဇော်ကို ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှ စွဲချက်တင်ထားသည့် ရာဇသတ်ကြီးပုဒ်မ- ၃၀၂(၁)(ခ)/၃၄/၁၉(ဃ)(စ) မှ လက်နက်မှုကို တိုင်းတရားရုံးက တရားရှင်လွတ်လိုက်ပြီး ရာဇသတ်ကြီးပုဒ်မ- ၃၀၂(၁)(ခ)/၃၄ ဖြင့် စွဲချက်တင် အမိန့်ချခဲ့သည်။

ထို့အပြင် ယင်းအမှုမှဇေယျာဖြိုးကို စွဲချက်တင်ထားသည့် ရာဇသတ်ကြီးပုဒ်မ- ၃၀၂(၁)(ခ)/၃၄ အစား ရာဇသတ်ကြီးပုဒ်မ- ၃၀၂(၁)(ခ)/၁၀၉ အဖြစ် တိုင်းတရားရုံးက ပြင်ဆင်၍ စွဲချက်တင်အမိန့်ချခဲ့သည်။

ကျန် ၂ ဦးဖြစ်သည့် ကြည်လင်းနှင့် အောင်ဝင်းထွန်းကို လက်ရှိစွဲချက်တင်ထားသည့် ပုဒ်မများဖြင့်သာ တိုင်းတရားရုံးက ဆက်လက်စွဲချက်တင် အမိန့်ချမှတ်ခဲ့သည်။ လက်ရှိတွင် ကြည်လင်းကို ရာဇသတ်ကြီးပုဒ်မ- ၃၀၂(၁)(ခ)/၃၄/၃၀၂(၂)/၁၉(ဃ)(စ) ဖြင့်လည်းကောင်း၊ အောင်ဝင်းထွန်းကို ရာဇသတ်ကြီးပုဒ်မ-၂၁၂ တို့ဖြင့် စွဲချက်တင်ထားကြောင်း သိရသည်။

ဖြစ်စဉ်မှာပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မြေးဖြစ်သူကို ချီလျက်ရပ်နေသည့် ရှေ့နေဦးကိုနီအား ကြည်လင်းဆိုသူက အနီးကပ်သေနတ်ဖြင့် လုပ်ကြံခဲ့ခြင်း ဖြစ်ပြီး ၄င်းကို ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်ပေးခဲ့သော တက္ကသမားကိုနေဝင်းသည်လည်း သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေဦးကိုနီကို လုပ်ကြံမှုတွင် ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုးနှင့် အောင်ဝင်းထွန်းတို့ပါဝင်ခဲ့ကြောင်း သိရသည်။

ထို့အပြင်ရှေ့နေဦးကိုနီ လုပ်ကြံခံရမှုနှင့်ပတ်သက်၍ တရားစွဲဆိုခံထားရသူ အောင်ဝင်းထွန်းကို ခရိုင်တရားရုံးမှ သိန်း ၅၀၀ ဖြင့် အာမခံပေးထားပြီး လွတ်မြောက်နေသူ အောင်ဝင်းခိုင်ကို တရားရုံးမှ ဖမ်းဝရမ်း ထုတ်ထားကြောင်း သိရသည်။

နိုင်မင်းလွင်(အကုန်သိသတင်းဌာန)

0 comments:

Post a Comment