Monday, June 18, 2018

ဒဂုံမြို့သစ်(၄) မြို့နယ်ရှိ လမ်းများကို ပြုပြင်ပြီး မီနီဘတ်စ် ယာဉ်လိုင်းများ ပြေးဆွဲပေးမည်ဟု လမ်းပန်းဆက်သွယ်ရေးဝန်ကြီးပြော


ဒဂုံမြို့သစ်(၄) မြို့နယ်ရှိ လမ်းများကို စီမံချက်ဖြင့် ပြုပြင်ပေးပြီး မီနီဘတ်စ်ယာဉ်လိုင်းများဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် က ဇွန်လ ၁၈ ရက်တွင် ပြောကြားလိုက်သည်။

ယနေ့ ဇွန်လ ၁၈ ရက်၊ နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၌ လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် ရိုးမရိပ်သာမှ ကြည်စုအနောက်၊ သိန်းတစ်ရာလမ်းမကြီး ရပ်ကွက်အတွင်းပိုင်းများ၊ ပုလဲရတနာလမ်း၊ အောင်ဇေယျလမ်းမကြီးနှင့် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှ ဒဂုံတက္ကသိုလ် စသည့်နေရာများသို့ YBS ယာဉ်လိုင်းများ တိုးချဲ့ပြေးဆွဲပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းကို ဝန်ကြီးက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ ကျွန်မတို့ အနေနဲ့ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းနဲ့ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်များအတွင်း မှာ မြို့နယ်ချင်း ချိတ်ဆက်ပြီးတော့ ပြေးဆွဲမယ့် ယာဉ်လိုင်းများကို စီစဉ်ဆောင်ရွက်သွားဖို့ စီစဉ်နေပါတယ်။ စီစဉ်ရာမှာလည်း မြို့နယ်အတွင်း ချိတ်ဆက်မယ့် လိုင်းတွေဟာ လမ်းတွေရဲ့ အနေအထားအရ မီနီဘတ်စ်လိုင်းတွေ ဖြစ်ရမှာ ဖြစ်တဲ့အတွက် မီနီဘတ်စ်ယာဉ်လိုင်းတွေနဲ့ ညှိနှိုင်းနေပြီး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ပြီးတော့ ပြေးဆွဲနိုင်ရေးမှာလည်း ဒီဒဂုံမြို့သစ် လေး မြို့နယ်က လမ်းတွေကို ကျွန်မတို့ အနေနဲ့ စီမံချက်ဖြင့် ပြုပြင်ပြီး ပြေးဆွဲပေးသွားမှာ ဖြစ်ပါတယ်။ မကြာခင်က ဖွင့်လှစ်ခဲ့တဲ့ ဒဂုံမြို့သစ်တောင်ပိုင်း က မင်းရဲ ကောင်းဘုံလမ်းမှာလည်း ၅၉ ယာဉ်လိုင်းကို စတင်ပြေးဆွဲပေးခဲ့ပါတယ်။ ယခုအခါမှာ ကိုယ်စားလှယ်ကြီးများရဲ့ တောင်းဆိုချက်အရ ဒီယာဉ်လိုင်းများကို လမ်းကောင်းတိုးချဲ့ပေးဖို့လည်း စီစဉ် ဆောင်ရွက်လျှက်ရှိပါတယ် ” ဟု ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့သည်။

ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်တွင် မြို့နယ်အတွင်း ဖြတ်သန်းပြီး စတင်ပြေးဆွဲသည့် ယာဉ်လိုင်းပေါင်း ၁၇ လိုင်းရှိပြီး အဆိုပါ ၁၇ လိုင်းမှာ ရွှေတိဂုံအထိ ပြေးဆွဲသည့် အမှတ် ၈ ယာဉ်လိုင်း၊ တာမွေမြို့နယ် အထိ ပြေးဆွဲသည့် အမှတ် ၉ ယာဉ်လိုင်း၊ အလုံ၊ ဆူးလေ၊ လမ်း ၅၀၊ သိမ်ဖြူစသည့် နေရာများသို့ ပြေးဆွဲသည့် ယာဉ်လိုင်းများဖြစ်ပြီး လက်ရှိတွင် မြို့တွင်းအထိ ပတ်သော ယာဉ်လိုင်းနှင့် မြို့နယ်အတွင်းထိ ပတ်သော ယာဉ်လိုင်းများ မရှိသေးကြောင်း သိရသည်။  

အောင်သူရိန်(အကုန်သိသတင်းဌာန)

0 comments:

Post a Comment