Monday, June 4, 2018

ရန်ကုန်တိုင်းအစိုးရ၏ ရင်းနှီးမြှုပ်နှံမှုများကို စာရင်းစစ်ချုပ် စစ်ဆေးမည်

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က City Bank နှင့် ခရီးသည်တင် မော်တော်ယာဉ်လိုင်းများတွင် ရင်းနှီးမြှပ်နှံထည့်ဝင်ထားသည့် ငွေကြေးများကို တိုင်းစာရင်းစစ်ချုပ်ရုံးမှ စာရင်းစစ်၍ လာမည့်နှစ် အစီရင်ခံစာတွင် ထည့်သွင်းသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက ပြောကြားသည်။

ဇွန်လ ၄ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ဆိပ်ကြီးခနောင်တို မဲဆန္ဒနယ် အမှတ် (၁) မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက တင်သွင်းထားသည့် “တိုင်းအစိုးရအဖွဲ့က ၂၀၁၆-၂၀၁၇ ခုနှစ်၊ ဖြည့်စွက်ဘဏ္ဍာရန်ပုံငွေတွင် City Bank ၌ ရင်းနှီးမြှုပ်နှံ ငွေ (၆၄) ဘီလီယံထည့်ဝင်ခဲ့ခြင်း၊ အများပိုင်ယဉ်လိုင်းကုမ္ပဏီများတွင် ၇၀ ဘီလီယံကို ရင်းနှီးမြှုပ်နှံခြင်းနှင့် လယ်ယာမြေများ ပြုပြင်ခြင်းလုပ်ငန်းအတွက် ကျပ်သန်း ၇၀၀ ကျော် အသုံးပြုခဲ့အပေါ် ရန်ကုန်တိုင်း စာရင်းစစ်ချုပ်ရုံးမှ ယခုလာမည့် ၂၀၁၈ ခုနှစ်၊ ၁ နှစ်ပြည့် အစီရင်ခံစာတွင် တင်ပြဆွေးနွေးပေးရန်အဆို”ကို လွှတ်တော်က အတည်ပြုခဲ့သည်။

ယင်းအဆိုကို ဒေါ်စန္ဒာမင်းက မေလ ၂၅ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၄ ရက်က ကျင်းပသည့် လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်က ကန့်ကွက်သူမရှိသည့်အတွက် အတည်ပြုခဲ့ခြင်းဖြစ်သည်။

အဆိုပါ စာရင်းများကိ လာမည့် နှစ်တွင် ၂၀၁၈ ခုနှစ်အတွက် ပြုလုပ်မည့် စာရင်းစစ်ချုပ် အစီရင်ခံစာတွင် ထည့်သွင်းပေးသွားမည်ဖြစ်ပြီး YBS ယဉ်လိုင်းများတွင် ထည့်သွင်းထားသည့် ငွေကြေးရင်းနှီးမြှုပ်နှံမှုများကိုစိစစ်ရန် ခက်ခဲနိုင်သဖြင့် ပြင်ပစာရင်းစစ်များကို ငှားရမ်းကာ စိစစ်မည်ဖြစ်ကြောင်း စာရင်း စစ်ချုပ် ဒေါ်ခင်သန်းလှကပြောဆိုသည်။

အဆိုပါ ငွေကြေးရင်းနှီးမြှုပ်နှံမှုများသည်၂၀၁၆-၁၇ ဖြည့်စွက် ဘဏ္ဍာနှစ် ရန်ပုံငွေတွင် တိုင်းအစိုးရမှ ရန်ကုန်မြို့သစ် တည်ဆောက်ရေးအများပိုင် ကုမ္ပဏီထောင်ရန် ကျပ် ၆၄ ဘီလီယံ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းအတွက် YUPT ကုမ္ပဏီတည်ထောင်ရန် ကျပ် ၇၀ ဘီလီယံနှင့် လယ်ယာမြေများကို ပြုပြင်ရန် ကျပ်သန်း ၇၇၀ ကျော် ရန်ကုန်တိုင်းလွှတ်တော်က ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ရန်ကုန်တိုင်းလွှတ်တော်က ခွင့်ပြုပေးခဲ့သည်မှာ နှစ်နှစ်ကျော်ကြာမြင့် ပြီဖြစ်ပြီး ယင်းသို့ ပြည်သူ့ဘဏ္ဍာငွေများကို ပြင်ပကုမ္ပဏီများတွင် ရောက်ရှိနေသည့် အခြေအနေကို စာရင်းစစ်ချုပ်က စစ်ဆေး၍ တိုင်းလွှတ်တော်ကိုပြန်တင်ရန် လိုအပ်ကြောင်း အဆိုတင်သွင်းခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောကြားသည်။

ထို့ပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ မြို့တော်ဘဏ် (City Bank) သည် စည်ပင်သာယာ ဘတ်ဂျက် ပိုလျှံငွေများ၊ ပြည်သူများထံမှ ကောက်ခံရရှိထားသည့် အခွန်များဖြင့် လည်ပတ်နေသည့် ဘဏ်ဖြစ်ပြီး ရှယ်ယာရှင်များဖြင့် ရပ်တည်နေသည့် ဘဏ်တစ်ခု မဟုတ်သည့်အတွက် ငွေကြေးဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်သဖြင့် ရင်းနှီးမြှုပ်နှံမှု မလုပ်သင့်ကြောင်း ဒေါ်စန္ဒာမင်းက ပြောကြားသည်။

“ပြည်သူ့ဘဏ္ဍာငွေတွေ လေလွင့်ဆုံးရှုံးမှုမရှိအောင် လွှတ်တော်အနေနဲ့ စစ်ဆေးဖို့ လိုအပ်ပါတယ်။ အများပိုင် ကုမ္ပဏီကသူတို့အနေနဲ့ အမြတ်အရှုံးစာရင်းကို ထုတ်ပြန်ကြေညာမယ်လို့ ပြောထားပေမယ့် ထည့်ဝင်ထားတဲ့ငွေတွေက ပြည်သူ့ဘဏ္ဍာငွေတွေဖြစ်တဲ့အတွက် လွှတ်တော်ကစစ်ဆေးဖို့ လိုအပ်ပါတယ်”ဟု ၎င်းက ဆိုသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီသည် ယခုနှစ်ဘဏ္ဍာနှစ်တွင်လည်း မြို့တော်ဘဏ်က နိုင်ငံခြားဘဏ် လုပ်ငန်းလုပ်ကိုင်ရန်အတွက်ဆိုကာ ဘတ်ဂျတ် ကျပ်သန်းခြောက်ထောင်ကျော် တောင်းခံခဲ့ပြီး ယင်းတောင်းခံမှုကို ရန်ကုန်တိုင်းလွှတ်တော် စီမံကိန်းနှင့် ဘဏ္ဍာရေးကော်မတီက ကန့်ကွက်ထားသည်။ 

The Voice

0 comments:

Post a Comment