Monday, June 4, 2018

MPU ကတ်အသုံးပြု၍ မတူညီသောဘဏ်များသို့ ငွေလွှဲပြောင်းနိုင်သောဝန်ဆောင်မှုအား ဘဏ်နှစ်ခုသာ စမ်းသပ်နေပြီး အခြားဘဏ်များကျန်ရှိနေ


MPU ကတ်အသုံးပြု၍ မတူညီသော ဘဏ်များသို့ ငွေလွှဲပြောင်းနိုင်သော ၀န်ဆောင်မှုအတွက် လက်ရှိတွင် MPU အနေဖြင့် လုပ်ဆောင်မှုပြီးစီးနေပြီဖြစ်ကာ ဘဏ်နှစ်ခုသာ လာရောက်စမ်းသပ်မှုများ ပြုလုပ်နေပြီး အခြားဘဏ်များအနေဖြင့် စမ်းသပ်ရန် ကျန်ရှိနေသေးကြောင်း Myanmar Payment Union မှ စုံစမ်းသိရသည်။

ထိုသို့စမ်းသပ်မှုပြုလုပ်နေသော ဘဏ်နှစ်ခုမှာ ရိုးမဘဏ်နှင့် AYA ဘဏ်တို့ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် AYA ဘက်အခြမ်းမှ လုပ်ဆောင်မှုများ ပြီးစီးနေပြီဖြစ်ပြီး ဘဏ်များဘက်အခြမ်းမှ လုပ်ဆောင်မှုများသာ ကျန်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။

ကနဦးက အဆိုပါဝန်ဆောင်မှုကို ၂၀၁၈ ခုနှစ် မတ်လအတွင်း၌ စတင်နိုင်ရန် မျှော်မှန်းခဲ့သော်လည်း လက်ရှိတွင် မည်သည့်အချိန်၌ စတင်အသုံးပြုနိုင်မည်ဆိုသည်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

“မတူညီတဲ့ဘဏ်တွေကို ငွေလွှဲပြောင်းနိုင်မယ့် ၀န်ဆောင်မှုအတွက် လက်ရှိမှာ ဘဏ်နှစ်ခုပဲ လာရောက်စမ်းသပ်နေတာ ရှိပါတယ်။ တခြားဘဏ်တွေလည်း လာစမ်းဖို့လိုပါတယ်။ ဒီလိုစမ်းသပ်လုပ်ဆောင်တဲ့အခါ ပရိုဂရမ်ပိုင်း ရေးဆွဲပြုပြင်ရတာတွေလည်း ရှိပါတယ်။ အချိန်တော့ယူရပါတယ်။ ပြောရရင် MPU အနေနဲ့ကတော့ ဒီဝန်ဆောင်မှုကို ပေးချင်နေပါပြီ။ ဘဏ်တွေဘက်က သူတို့အလုပ်နဲ့သူတို့ မအားလပ်ဘူးဖြစ်နေတာတွေ ရှိတယ်” ဟု MPU  မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

MPU ကတ်အချင်းချင်း ATM စက်များကို အသုံးပြု၍ ငွေလွှဲပြောင်းမှုများ ပြုလုပ်နိုင်ရန် ပေးချေမှုဆိုင်ရာနည်းပညာများကို အဆင့်မြှင့်တင်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ လက်ရှိတွင် အဆိုပါလုပ်ငန်းစဉ်များမှာ ပြီးစီးနေပြီး အဆိုပါငွေလွှဲပြောင်းမှု စနစ်များကို အသုံးပြုလိုသောဘဏ်များအနေဖြင့် MPU  သို့ လာရောက်ချိတ်ဆက်မှုများ ပြုလုပ်ရန် လိုအပ်ကြောင်း သိရသည်။

နည်းပညာမြှင့်တင်မှုများကို ဗဟိုဘဏ်နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး ငွေပေးချေမှုများအတွက် ကတ်စနစ်အသုံးပြုခြင်းကိုသာ ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ကတ်စနစ်ဖြင့် ငွေလွှဲပြောင်းခြင်းများကို ပြုလုပ်ပါက ဘဏ်သို့သွားရောက်ရန် မလိုဘဲ အချိန်ကုန်သက်သာစေမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် Mobile Banking ၀န်ဆောင်မှုများ တွင်ကျယ်လျက်ရှိသော်လည်း တူညီသော ဘဏ်အကောင့်အချင်းချင်းသာ ငွေလွှဲပြောင်းမှုများ ပြုလုပ်နိုင်ခြင်းဖြစ်သည်။

လက်ရှိတွင် MPU Debit ကတ်သုံးစွဲသူ ပေါင်း ၄ ဒသမ ၅ သန်းကျော်၊ MPU  Credit ကတ်သုံးစွဲသူပေါင်း တစ်သိန်းကျော်၊ MPU Co – Brand ကတ်သုံးစွဲသူပေါင်း သုံးသိန်းခန့်ရှိလာကြောင်း သိရသည်။ တစ်နိုင်ငံလုံးတွင် ATM စက်ပေါင်း ၄၀၀၀ ခန့်ရှိနေကြောင်း သိရသည်။

MPU ကို ၂၀၁၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး တည်ထောင်ခါစတွင် အဖွဲ့ဝင်ဘဏ်အရေအတွက်မှာ ၁၇ ဘဏ်သာရှိခဲ့ကြောင်း သိရသည်။ MPU  ကို ပြည်တွင်းရှိဘဏ်များ စုပေါင်းပြီး ဖွဲ့စည်းခဲ့ခြင်းလည်း ဖြစ်သည်။



နေမျိုးထွန်း
Eleven Media Group

0 comments:

Post a Comment