Sunday, June 3, 2018

မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်သုညရာနှုန်း ၁၆ ကျောင်းရှိ


၂၀၁၈ခုနှစ် ဇွန်လ ၂ ရက်နေ့ ထွက်ရှိအောင်စာရင်းအရ မကွေးတိုင်းဒေသကြီးအတွင်း တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် သုညရာနှုန်းကျောင်း (၁၆)ကျောင်းရှိကြောင်း တိုင်းအခြေခံပညာဦးစီးဌာနရုံးမှ သိရသည်။

ယခင်နှစ်က သုညရာနှုန်း ၁၀ ကျောင်း ဖြစ်ပြီး ယခု ၁၆ ကျောင်းအထိရှိလာခြင်း ဖြစ်ကြောင်း တွေ့ရှိရသည်။

အဆိုပါကျောင်းများမှာ မကွေးမြို့နယ် အထက(ခွဲ)ညောင်ကန်ကျောင်း၊ ချောက်မြို့နယ်အထက(ခွဲ)နရွဲတော ကျောင်း ၊ တောင်တွင်ကြီးမြို့နယ် အထက -တက်ပုအောင်ကျောင်း၊နတ်မောက်မြို့နယ် အထက(ခွဲ)လေးအိမ်ကျောင်း၊နတ်မောက်မြို့နယ် အထက(ခွဲ)ဖက်သန်းတောင်ကျောငး။မြို့သစ်မြို့နယ် အထက(ခွဲ)ဂွေ့ကြီးကျောင်း၊မြိုင်မြို့နယ် အထက(ခွဲ)ချောင်းဆုံကျောင်း၊ မြိုင်မြို့နယ်အထက(ခွဲ) မြို့စိုးကျောင်း၊ မြိုင်မြို့နယ် အထက(ခွဲ)ဝယ်တောင်(တောင်ကျောင်း)၊ ရေစကြိုမြို့နယ် အထက(ခွဲ)ရွှေလှံကျောင်း၊ ရေစကြိုမြို့နယ် အထက(ခွဲ)သာစည်ကျောင်း၊ သရက်မြို့နယ် အထက(ခွဲ)တလပါးကျောင်း၊ သရက်မြို့နယ် အထက(ခွဲ)အလတ်လယ်ကျောင်း၊ ကံမမြို့နယ် အထက(ခွဲ)ကျောက်မကျောင်း၊ မင်းတုန်းမြို့နယ် အထက(ခွဲ)ထန်းပင်ကုန်းကျောင်း၊ မင်းတုန်းမြို့နယ် အထက(ခွဲ) အလယ်ချောင်းတို့ဖြစ်ကြောင်း သိရသည်။

"တက္ကသိုလ်ဝင်တန်းဖြေဆိုသူ တစ်ယောက်မှမအောင်တဲ့ကျောင်းတွေဖြစ်တဲ့အတွက် မကွေးတိုင်းဒေသကြီးအတွင်း တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် သုညရာနှုန်းကျောင်းဖြစ်ပါတယ်။ မနှစ်က ၁၀ ကျောင်းသာရှိခဲ့ပါတယ်" ဟုတိုင်းဒေသကြီး ပညာရေးမှူးဦးအောင်မြင့်က ပြောသည်။

အဆိုပါ ကျောင်းများ သုညရာနှုန်းဖြစ်ရသည့်အကြောင်းအရာများကို အဖြေရှာ၍  လာမည့်ည့် (၂၀၁၈- ၂၀၁၉)ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား ကျောင်းသူများ အောင်ချက်မြင့်မားရေးအတွက် မိဘ ဆရာ ပူးပေါင်းကာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တိုင်းပညာရေးမှူးက ပြောသည်။

၂၀၁၈ခုနှစ် မတ်လတွင် ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲ မကွေးတိုင်းဒေသကြီးအတွင်း စာစစ်ဌာန ၁၆၀ တွင် ဖြေဆိုသူ ၇၇၂၂၀ ဦးအနက် အောင်မြင်သူ ၂၄၄၉၀ ဦးရှိကြောင်း၊ အောင်ချက် ၃၁.၇၁၄၂ ရာခိုင်နှုန်းဖြစ်သည်။

 " မနှစ်က ဖြေဆိုသူ (၇၀၂၉၁)ဦးရှိပြီး အောင်မြင်သူ (၂၆၇၀၀)ဦး ရှိခဲ့ပါတယ်၊အောင်ချက်က (၃၇.၉၈)ရာခိုင်နှုန်း ဖြစ်ပါတယ်၊ဒီနှစ် အောင်ချက်က မနှစ်ကထက် ခြောက်ရာခိုင်နှုန်းလျှော့ပါတယ်၊ အောင်ချက်အများဆုံးမြို့က မကွေးမြို့ဖြစ်ပြီး အောင်ချက်အနည်းဆုံးမြို့က ဆောမြို့ဖြစ်ပါတယ်၊ကျွန်တော်တို့ မကွေးတိုင်းမှာ ဂုဏ်ထူးထွက် တာ (၆၉၂၉)ဦး ရှိပါတယ်" ဟု တိုင်းပညာရေးမှူး ဦးအောင်မြင့်က ပြောသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် အောင်ချက်များတွင် မန္တလေးတိုင်းဒေသကြီးက အောင်ချက်ရာခိုင်နှုန်း ၃၈ ဒဿမ ၁၇ ရာခိုင်နှုန်းဖြင့် အများဆုံးရရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးမှ ၃၇ ဒဿမ ၅၅ ရာခိုင်နှုန်း ၊ မွန်ပြည်နယ်မှ ၃၇ ဒဿမ ၄၂ ရာခိုင်နှုန်း ရရှိခဲ့သည်။

Mizzima - News in Burmese

0 comments:

Post a Comment