Thursday, November 29, 2018

တရုတ်တွင် ဓာတုစက်ရုံပေါက်ကွဲမှုကြီးဖြစ်၊ အနည်းဆုံးလူ ၂၂ ဦးသေဆုံး



လာမည့် ၂၀၂၂ ခုနှစ် ဆောင်းရာသီ အိုလံပစ်အားကစားပွဲကို လက်ခံကျင်းပမည့် တရုတ်မြောက်ပိုင်း ဟီဘေးပြည်နယ်မှ ဇန်ကျာကောင်စီတီရှိ ဓာတုစက်ရုံအနီးတွင် မီးလောင်ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၂ ဦး သေဆုံးခဲ့ပြီး ၂၂ ဦးကျော် ဒဏ်ရာရရှိသွားသည်ဟု အာဏာပိုင်များက ပြောကြားသွားကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။

နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်သော သတင်းဓာတ်ပုံများတွင် ဓာတုစက်ရုံအနီး မီးလောင်ကျွမ်းခြင်းခံခဲ့ရသော ထရပ်ကားများနှင့် အခြားမော်တော်ကားများကို မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းမီးငြှိမ်းသတ်နေပုံများ ပါဝင်သည်။
ပြည်နယ်သတင်း ပြန်ကြားရေးဌာန၏ ထုတ်ပြန်ချက်အရ ပေါက်ကွဲမှုကြောင့် ထရပ်ကား ၃၈ စီး၊ မော်တော်ကား ၁၂ စီးတို့ မီးလောင်ပျက်စီးသွားပြီး လူ ၂၂ ဦး သေဆုံးသွားသည်ဟု သိရသည်။
တရုတ်နိုင်ငံပိုင် ရုပ်သံသတင်းဌာနက တင်ဆက်ထုတ်လွှင့်ချက်တွင် အဆောက်အအုံ မျက်နှာပြင်တစ်ခုလုံး မီးလောင်ပေါက်ကွဲမှုကြောင့် ပျက်စီးနေပုံများ ပါဝင်သည်။ ဒဏ်ရာရရှိသွားသူများကို အရေးပေါ် လူနာတင်ယာဉ်များဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးနေပုံများလည်း ပါဝင်သည်။
သို့သော် အဆိုပါပေါက်ကွဲမှုကြောင့် ဓာတုဗေဒစက်ရုံ ထိခိုက်ခြင်း ရှိ၊ မရှိကိုလည်းကောင်း၊ ပေါက်ကွဲမှုသည် ယင်းစက်ရုံ သို့မဟုတ် စက်ရုံရှေ့က လမ်းမပေါ်တွင် ဖြစ်ပွားခြင်း ဟုတ်၊ မဟုတ်ကိုလည်းကောင်း အာဏာပိုင်များက ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။
ပေါက်ကွဲမှုသည် စက်ရုံအဝင်ဝနှင့် ရှေ့လမ်းမပေါ်တွင် ဖြစ်ပွားခဲ့ပုံရသည်ဟု လူမှုကွန်ရက် မီဒီယာများပေါ်တွင် ရေးသားဖော်ပြမှုများတွေ့ရသည်။ အခြားသတင်းတစ်ရပ်အရ အန္တရာယ်ရှိသော ဓာတုဗေဒပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်မှာ စက်ရုံအဝင်ဝတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“မီးလောင်ပေါက်ကွဲသည့်နေရာတွင် စုံစမ်းစစ်ဆေးမှုများကို အသေးစိတ် လုပ်ဆောင်နေပြီဖြစ်ပြီး မည်သည့် အကြောင်းအရင်းကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ကို သတင်းထုတ်ပြန်သွားမည်”ဟု ပြည်နယ်ပြန်ကြားရေးဌာနက ဆိုသည်။
အဆိုပါ ဇန်ကျာကောင်စီတီတွင် လာမည့် ၂၀၂၂ ခုနှစ် ဆောင်းရာသီအိုလံပစ်အားကစားပွဲတော်အတွက် စကိတ်ပြိုင်ပွဲနှင့် နှင်းလျှောစီးပြိုင်ပွဲ အချို့ကိုလည်း ကျင်းပလျက်ရှိသည်။ ပေါက်ကွဲမှုမှာ ဇန်ကျာကောင်စီတီ၏ ကာဒေါင်ရပ်ကွက်တွင် ဖြစ်ပွားခဲ့ခြင်းလည်းဖြစ်သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ယာဉ်မတော်တဆမှုနှင့် စက်မှုလုပ်ငန်းပိုင်းဆိုင်ရာ မတော်တဆဖြစ်မှုမှာ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်ရှိ ဓာတုစက်ရုံတစ်ခု ပေါက်ကွဲခဲ့ရာ အနည်းဆုံးလူ ၁၉ ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာ ရရှိသွားခဲ့သည်။
အဆိုပါစက်ရုံကို လည်ပတ်နေသော ကုမ္ပဏီမှာ တရားမဝင်ဆောက်လုပ်ခဲ့ရာ ဘေးအန္တရာယ်ကင်းစင်ရေးအတွက် သက်ဆိုင်ရာအာဏာပိုင်များ၏ စစ်ဆေးမှု ရယူခြင်းမရှိခဲ့ပေ။
၂၀၁၅ ခုနှစ်ကလည်း တီယန်ကျင်း ဆိပ်ကမ်းမြို့တွင် ဧရာမဓာတုစက်ရုံပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၆၅ ဦး သေဆုံးခဲ့ဖူးသည်။

The Voice


0 comments:

Post a Comment