Thursday, November 29, 2018

မူဝါဒလုပ်ထုံးလုပ်နည်းနှင့် မညီသောသမဝါယမဆိုင်များကို ဖျက်သိမ်းနိုင်ကြောင်းဝန်ကြီးဦးဟန်ထွန်းပြော


မူဝါဒလုပ်ထုံးလုပ်နည်းနှင့် မညီသောသမဝါယမဆိုင်များကိုသမဝါယမနည်းဥပဒေ ပုဒ်မ-၂၅ အရညွှန်ကြားရေးမှူးချုပ်သည် အကြောင်းတစ်ရပ်ရပ် ပေါ်ပေါက်လာလျှင် သက်ဆိုင်ရာသမဝါယမအသင်းကိုရှင်းလင်းဖျက်သိမ်းနိုင်ကြောင်းစိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဝန်ကြီးဦးဟံထွန်းက ပြောသည်။ 
နိုဝင်ဘာ ၂၉ရက်ကကျင်းပပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင် က ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိသမဝါယမအသင်းများ၏ မူဝါဒလုပ်ထုံးလုပ်နည်းများဖြင့် မညီသောဆိုင်များကိုမည်ကဲ့သို့ဆက်လက်ဆောင်ရွက်မည်ကိုသိရှိလိုကြောင်းမေးခွန်းမေးမြန်းခဲ့ရာတွင် ဝန်ကြီးက ယခုကဲ့သို့ ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။ 

“ သမဝါယမအသင်းများရဲ့ မူဝါဒလုပ်ထုံးလုပ်နည်းများနဲ့ မညီတဲ့အသင်းကိုသမဝါယမအသင်းဥပဒေအရသတ်မှတ်ထားတဲ့ အသင်းသားဦးရေမပြည့်ခြင်း၊ အဆိုပါ ဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကိုဆန့်ကျင်ဆောင်ရွက်ခြင်း၊ တည်ဆဲဥပဒေများနဲ့အညီစီးပွားရေးလုပ်ငန်းများကိုမလုပ်ကိုင်ခြင်း၊ မတည်ငွေ မပြည့်စုံခြင်း၊ ပေးဆပ်ရန်ရှိသောကြွေးမြီများကိုပေးဆပ်နိုင်ရန် အခြေအနေမရှိခြင်း၊ အရပ်ရပ်ဆိုင်ရာအစည်းအဝေးဆုံးဖြတ်ချက်များအရစာရင်းရှင်းလင်းဖျက်သိမ်းပေးရန် တောင်းဆိုခြင်း၊ အခြားလုံလောက်တဲ့ အကြောင်းတစ်ရပ်ရပ် ပေါ်ပေါက်ခြင်းတို့ကိုသမဝါယမနည်းဥပဒေအရညွှန်ကြားရေးမှူးချုပ်ကသမဝါယမ နည်းဥပဒေပုဒ်မ-၂၅ အရသမဝါယမအသင်းကိုစာရင်းရှင်းလင်းဖျက်သိမ်းနိုင်ပါတယ် ” ဟုဝန်ကြီးကဖြေကြားခဲ့သည်။ 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အတွင်းတွင် သမဝါယမအသင်းစုစုပေါင်း (၄၆) သင်းဖွဲ့စည်းထားရှိ၍ အသင်းမှ စီးပွားရေးလုပ်ငန်းများဆောင်ရွက်ရာတွင် သမဝါယမဦးစီးဌာနမှ ထိန်းကျောင်းတည့်မတ်ပေးလျှက်ရှိကြောင်း၊ အသင်းများ၏ စီးပွားရေးလုပ်ငန်းများအတွက် အရင်းအနှီးများရရှိစေရန် သက်သာသောအတိုးနှုန်းဖြင့် ချေးငွေများရရှိအောင် ဆောင်ရွက်ပေးခြင်း၊ ရောင်းဝယ်ခြင်းနှင့် အထွေထွေ လုပ်ငန်းများတွင် အခြေခံစားကုန်နှင့် လူသုံးကုန်ပစ္စည်းများကိုအမှာလွှာစနစ်ဖြင့် ရောင်းချပေးခြင်းနှင့် သမဝါယမအသင်းအဆင့်ဆင့်တွင် အစုရှယ်ယာထည့်ဝင်ခြင်းတို့ကိုဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။ 

နှစ်ချုပ်စာရင်းအရအသင်း၏ အသားတင်အမြတ်သိန်း ၂၀ ကျော်ပါကသတ်မှတ်ထားသော နိုင်ငံတော် အခွန်ဥပဒေအရတွက်ချက်၍ ဝင်ငွေခွန်နှင့် ကုန်သွယ်ခွန်များကိုထမ်းဆောင်ရကြောင်းသိရသည်။ 


 အောင်သူရိန် (အကုန်သိသတင်းဌာန)

0 comments:

Post a Comment