လက်ရှိအစိုးရအနေဖြင့် မြန်မာနိုင်ငံကို နှစ်(၂၀)အတွင်း စင်ကာပူထက်ကျော်အောင်လုပ်မည်ဟု ရည်မှန်းချက်ရှိပါက မဖြစ်နိုင်စရာအကြောင်းမရှိဘဲ ရည်မှန်းချက်မရှိပါက ပင်လယ်ထဲတွင် ဦးတည်ရာမဲ့သွားနေသည့် သင်္ဘောကဲ့သို့ တောင်ရောက်မြောက်ရောက်ဖြစ်သွားလိမ့်မည်ဟု ကုန်သည်စက်မှုအသင်းချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောကြားလိုက်သည်။
အသင်းချုပ်၏ နိုင်ငံတကာဆက်ဆံရေးတာဝန်ခံလည်းဖြစ်သူ ဒေါက်တာမောင်မောင်လေးက အကုန်သိသတင်းဌာနနှင့် သီးသန့်တွေ့ဆုံမေးမြန်းစဉ်အတွင်း၌ မြန်မာနိုင်ငံအနေဖြင့် စင်ကာပူနိုင်ငံကို လာမည့်အနှစ် ၂၀ အတွင်း ကျော်အောင်လုပ်နိုင်မည့်အလားအလာရှိမရှိမေးမြန်းမှုနှင့် ပတ်သက်၍ ပြန်လည်ဖြေကြားခဲ့ခြင်းလည်း ဖြစ်သည်။ “ ကိုယ်သွားမယ့် ရည်မှန်းချက်ရှိဖို့တော့ လိုပါတယ်။ ရည်မှန်းချက်မရှိဘူးဆိုရင် ပင်လယ်ထဲမှာ ဦးတည်ရာမဲ့ သွားနေတဲ့သဘောင်္လို တောင်ဘက်က လေတိုက်ရင် မြောက်ဘက်ဘက်ကိုရောက်မယ်၊ မြောက်ဘက်က လေတိုက်ရင် တောင်ဘက်ကို ရောက်သွားမယ်၊ အဲဒီတော့ လူတွေရော၊ လုပ်တဲ့လုပ်ငန်းတွေရော ဦးတည်ချက်တွေ ရှိဖို့လိုပါတယ်။ နိုင်ငံက ဦးတည်ချက်ရှိရမယ်။ စင်ကာပူကို ကျော်ပြီးလုပ်နိုင်မယ့် ရည်မှန်းချက်ထားပြီး ၀ိုင်းဝန်လုပ်ဆောင်နိုင်မှ ကိုယ်စီရည်မှန်းချက်ထားပြီး ကိုယ့်အတွက် လည်းလုပ်မယ်၊ နိုင်ငံအတွက်လည်းလုပ်မယ် အခွန်လည်း မှန်မှန်ကန်ကန်ဆောင်ကြမယ်ဆိုရင် ဘာမဆို ဖြစ်သွားနိုင်ပါတယ်။ အစိုးရရော၊ လုပ်ငန်းရှင်တွေရော၊ ပြည်သူလူထုကော ကိုယ့်ရဲ့ ရည်မှန်းချက်တွေကို ကိုယ်စီ ကိုယ်စီ ပြည့်အောင်လုပ်နိုင်မယ်၊ ဒီနိုင်ငံကို ကျော်ပြီးဘာလုပ်ပြနိုင်တယ်ဆိုတာကို ပြသနိုင်ရင် နောင်အနှစ်(၂၀)အတွင်း မကျော်နိုင်စရာ အကြောင်းမရှိပါဘူး ” ဟု ဒေါက်တာ မောင်မောင်လေးက ပြောသည်။ မြန်မာနိုင်ငံကို စင်ကာပူထက်ပိုမိုဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်နိုင်ငံဖြစ်လာစေရန် လုပ်ဆောင်မည်ဟု အရပ်သားအစိုးရ လက်ထက်တွင် အစိုးရအကြီးအကဲများက မကြာခဏပြောကြားလေ့ရှိသော်လည်း လက်ရှိအချိန်ထိ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးကြန့်ကြာမှုများ၊ အလုပ်အကိုင်ရှားပါးမှုများနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။
လက်ရှိအစိုးရလက်ထက် ယခုနှစ်ပိုင်းတွင် ရခိုင်အရေးပြဿနာကြောင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဝင်ရောက်ခြင်း နည်းပါးလျက်ရှိနေကြောင်းလည်း စီးပွားရေးလုပ်ငန်းရှင်အသိုင်းအ၀ိုင်းနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူများက ဝေဖန်ပြောဆိုမှုများ ရှိနေသည်။
Akonthi
0 comments:
Post a Comment