Thursday, November 29, 2018

ဘင်္ဂလားဒေ့ရှ်မှ ပြန်လည်ဝင်ရောက်မည့်သူများ နိုဝင်ဘာ ၁၅ ရက်တွင် ပြန်လည်ဝင်ရောက်မှုမရှိခဲ့ဘဲ တစ်ဘက်နိုင်ငံမှလည်း မည်သည့်အတွက်ကြောင့် မဝင်ရောက်သည်ကို အကြောင်းကြားခြင်း မရှိကြောင်းသိရ


မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီချက်အရ စတင်ဝင်ရောက်ရမည့် ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၅ ရက်တွင် ပြန်လည်ဝင်ရောက်သူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ကြောင်းနှင့် တစ်ဖက်နိုင်ငံမှ မည်သည့်အတွက် မဝင်ရောက်သည်ကို အကြောင်းကြားခြင်းမရှိကြောင်း မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က နိုဝင်ဘာ ၂၇ ရက် က မီဒီယာများအား ပြောကြားသည်။ 
မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြန်လည်လက်ခံရေးကိစ္စနှင့်ပြောကြားခဲ့ရာတွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၃ ရက်ကတည်းက မြန်မာနိုင်ငံဘက်မှ ပြန်လည် လက်ခံရန် အဆင်သင့်ဖြစ်နေကြောင်း၊ နှစ်နိုင်ငံသဘောတူညီချက်အရ စတင်ဝင်ရောက်မည့် ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၅ ရက်တွင်လည်း ဝင်ရောက်မှုမရှိခဲ့ကြောင်း၊ တစ်ဖက်နိုင်ငံမှ မည်သည့်အတွက်ကြောင့် မဝင်ရောက်သည်ကို အကြောင်းကြားခြင်း မရှိကြောင်းနှင့် စတင်ဝင်ရောက်လာမည်ဆိုပါ က ဝင်ရောက်လာသူများက ပေးပို့ထားသည့် စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း၊ မှတ်ပုံတင်ခြင်း၊ NV ကတ်ပြုလုပ်ပေးခြင်းနှင့် ကျန်းမာရေး စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးမည်ဖြစ်ပြီး ယင်းလုပ်ငန်းများပြီးစီးပါက နောက်တစ်ရက်တွင် ခေတ္တ တည်းခိုရမည့် လှဖိုးခေါင်စခန်းသို့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း၊ ဆန်၊ ဆီ၊ ပဲ၊ ဆား ရိက္ခာထုတ်ပေးမည်ဖြစ်ပြီး လူတစ်ဦးကို တစ်ရက်လျှင်ထောက်ပံ့ကြေး ကျပ် ၁၀၀၀ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။ 

ထို့ပြင် ပြန်လည်နေရာချထားရာတွင်လည်း နေအိမ်ဆောက်လုပ်ရန် သစ်၊ ၀ါး၊ မျောတို့ကို ထုတ်ပေးမည်ဖြစ်ကြောင်း၊ အိမ်ဆောက်ရာတွင် ကိုယ်တိုင်ပါဝင်ဆောက်လုပ်နိုင်မည်ဖြစ်ပြီး ဒေသပေါက်ဈေး လုပ်အားခကိုရရှိမည်ဖြစ်ကြောင်း ပြောကြားသည်။ 

မောင်တောမြို့သို့ ရောက်ရှိနေသည့် ပြည်တွင်းပြည်ပ သတင်းမီဒီယာအဖွဲ့သည် နိုဝင်ဘာ ၂၇ ရက်က မောင်တောမြို့နယ်ရှိ လှဖိုးခေါင်ပြန်လည်လက်ခံရေးစခန်း၊ ရွှေဇားကျေးရွာ၊ အင်းဒင်ကျေးရွာများသို့ သွား ရောက်သတင်းရယူခဲ့ကြပြီး နိုဝင်ဘာ ၂၈ ရက်တွင် တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်းနှင့် နယ်စပ်ခြံစည်းရိုး အပြင်ဘက်ရှိ နယ်စပ်မျဉ်းတွင်နေထိုင်နေကြသည့် ဘင်္ဂါလီများနှင့် သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။ 

Eleven Media Group

0 comments:

Post a Comment