လစ်လပ်နေသော ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးနေရာတွင် အသက် (၆၀) အရွယ်ရှိပြီဖြစ်သည့် အငြိမ်းစားခရိုင်တရားသူကြီး ဒေါ်ဝါဝါထွန်းကို ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် အမည်စာရင်း တင်သွင်းခဲ့ရာ ကန့်ကွက်သူ မရှိသောကြောင့် ပြည်နယ်လွှတ်တော်က ယနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် အတည်ပြုလိုက်သည်။
ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးအဖြစ်တာဝန်ယူနေသည့် ဒေါ်စန်းစန်းရီမှာ မိမိဆန္ဒအလျှောက် နှုတ်ထွက်ခွင့်တင်ပြသောကြောင့် နိုဝင်ဘာလ ၁ ရက်နေ့မှစ၍ နုတ်ထွက်ခွင့်ပေးကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်လက်မှတ်ဖြင့် အောက်တိုဘာလ ၃ ရက်နေ့က သမ္မတရုံးမှ ထုတ်ပြန်ခဲ့သည်။
၎င်းကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးအဖြစ် အတည်ပြုခန့်အပ်လိုက်သောကြောင့်တရားရေးမဏ္ဍိုင်ကို ပိုမိုထိန်းကျောင်းနိုင်လိမ့်မည်ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက မျှော်မှန်းသည်။
“ဒေါ်ဝါဝါထွန်းဟာ ရခိုင်ပြည်နယ်အတွက် တရားရေးမဏ္ဍိုင်ကို ပိုမိုထိန်းကျောင်းနိုင်လိမ့်မယ်လို့ ထင်ပါတယ် ” ဟု ၎င်းကပြောသည်။
ဒေါ်ဝါဝါထွန်းမှာ သံတွဲမြို့ဇာတိဖြစ်ပြီး ပညာအရည်အချင်းမှာ L.L.B ဖြစ်သည်။ သူသည် ဒုတိယမြို့နယ် တရားသူကြီး၊မြို့နယ်တရားသူကြီး၊ဒုတိယခရိုင်တရားသူကြီးနှင့်ခရိုင်တရားသူကြီးတို့အဖြစ် တာမွေမြို့နယ်၊ ပုဇွန်တောင်မြို့၊စစ်တွေခရိုင်တရားရုံးတို့တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်တွေခရိုင်တရားရုံးတွင်ပင် ခရိုင်တရားသူကြီးအဖြစ်တာဝန်ထမ်းဆောင်ကာ အငြိမ်းစားယူခဲ့သူဖြစ်သည်။
Development Media Group
0 comments:
Post a Comment