Wednesday, June 26, 2019

ဘိန်းစိုက်ပျိုးမှု ကျဆင်းလာသော်လည်း မူးယစ်ဆေးဝါးဈေးကွက် မြင့်တက်နေ


မြန်မာနိုင်ငံအနေနဲ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု လျော့ကျလာပေမယ့် မူးယစ်ဆေးဝါး အရောင်းအဝယ်ဈေးကွက် အနေနဲ့ လျော့နည်းကျဆင်းသွားခြင်း မရှိဘဲ နှစ်အလိုက် မြင့်တက်လာနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။ 
ဇွန်လ ၂၆ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ သဝဏ်လွှာပေးပို့ ပြောဆိုခဲ့တာပါ။ 

ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကျော်ဆွေက “ဘိန်းစိုက်ပျိုးမှု လျော့ကျခဲ့သော်လည်း တဖက်တွင် မူးယစ်ဆေးဝါး ထုတ်လုပ်မှုနဲ့ ဖမ်းဆီးရမိမှုမှာ တနှစ်ထက်တနှစ် မြင့်မားလာတာကို တွေ့ရပါတယ်။ မူးယစ်ဆေးဝါးများကို ဘိန်းမှ ထုတ်လုပ်ခြင်းထက် စိတ်ပြောင်းဆေးဝါး ဓာတုပစ္စည်းများကို အခြေခံပြီး ထုတ်လုပ်လာမှု မြင့်တက်လာသည်နှင့်အမျှ ၎င်းမူးယစ်ဆေးဝါးများကို သုံးစွဲမှု များပြားလာခြင်းနှင့် ဈေးကွက်ဝယ်လိုအားမှာလည်း ကျဆင်းသွားခြင်း မရှိသည်ကို နှိုင်းယှဉ်ကြည့်ပါက ပြည်သူလူထု တရပ်လုံးက သတ္တိရှိရှိ၊ သတိရှိရှိနဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးရန် အရေးကြီးပါတယ်” လို့ ပြောပါတယ်။ 

မူးယစ်ဆေးကင်းစင်တဲ့ နိုင်ငံတော်အဖြစ် ပုံဖော်နိုင်ဖို့အတွက် အစိုးရအနေနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းကို စီမံချက်ချမှတ် လုပ်ဆောင်နေပြီး အခြေခံပညာ သင်ရိုးညွှန်းတမ်းမှာလည်း မူးယစ်ဆေးဝါး သုံးစွဲမှုမှ ကြိုတင်ကာကွယ်ရေးအတွက် “ဘဝတွက်တာ ကျွမ်းကျင်စရာ” ဘာသာရပ်များ သင်ကြားနေပြီး အသိပညာပေး လုပ်ငန်းများလည်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ 

၂၀၁၇ ခုနှစ်မှာ ဘိန်းစိုက်ပျိုးမှု ဟက်တာ ၄၁၀၀၀ နဲ့ ထုတ်လုပ်မှု ၅၅၀ မက်ထရစ်တန်ဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာတော့ ဟက်တာ ၃၇၃၀၀ နဲ့ ထုတ်လုပ်မှု ၅၂၀ မက်ထရစ်တန် ရှိတာကြောင့် အခုနှစ် ဘိန်းစိုက်ပျိုးမှုမှာ ၉ ဒသမ ၁ ရာခိုင်နှုန်းနဲ့ ထုတ်လုပ်မှု ၅ ဒသမ ၄၅ ရာခိုင်နှုန်း လျော့နည်းအောင် ဆောင်ရွက်နိုင်ခဲ့တယ်လို့လည်း စစ်တမ်းတွေအရ သိရပါတယ်။

DVB

0 comments:

Post a Comment