Wednesday, June 26, 2019

ဆောင်ဂျုံကီနဲ့ ဆောင်းဟေကိုတို့ ကွာရှင်းခွင့် လျှောက်ထား


တောင်ကိုရီးယား အနုပညာ လောကမှာ အကျော်ကြားဆုံး စုံတွဲတစ်တွဲဖြစ်တဲ့ ဆောင်ဂျုံကီနဲ့ ဆောင်းဟေကိုတို့ ကွာရှင်းဖို့ စီစဉ်နေကြပြီ ဖြစ်ပါတယ်။ 
သူတို့ နှစ်ဦးဟာ ကမ္ဘာအနှံ့မှာ ကျော်ကြားခဲ့တဲ့ Descendants of the Sun စီးရီးကို အတူတွဲဖက် သရုပ်ဆောင်ရင်း ချစ်ကျွမ်းဝင်ခဲ့ကြတာပါ။ 
လွန်ခဲ့တဲ့ ၂ နှစ်လောက်မှာတော့ သူတို့နှစ်ဦး လက်ထပ်ခဲ့ပါတယ်။ အခုတော့ မင်းသား ဆောင်ဂျုံကီက ကွာရှင်းပြတ်စဲခွင့်အတွက် တရားဝင် လျှောက်ထားလာတာ ဖြစ်ပါတယ်။ 
ဆိုးလ်မြို့တော်က မိသားစုဆိုင်ရာ ခုံရုံးမှာ ဇွန်လ ၂၆ ရက်က ကွာရှင်းခွင့်ကိစ္စ လျှောက်ထားခဲ့တဲ့နောက် ဆောင်ဂျုံကီရဲ့ ရှေ့နေက သူ့ရဲ့ အမှုသည်ဟာ ပိုင်ဆိုင်မှု ခွဲဝေခွင့် ကိစ္စတွေ အတွက်ပါ ဥပဒေကြောင်းအရ ပြင်ဆင်နေပြီလို့ ကြေညာပါတယ်။ 
အသက် ၃၃ နှစ်အရွယ် ဆောင်ဂျုံကီက သူ့ကို ချစ်ခင် အားပေးတဲ့ ပရိသတ်တွေကို အခုလို စိတ်အနှောင့်အယှက် ဖြစ်စရာ သတင်းတွေ ကြားသိစေခဲ့တဲ့အတွက် တောင်းပန်ခဲ့ပြီး ခက်ခဲတဲ့ ကာလတွေမှာ သူ့အပေါ် နားလည်မှု ပေးဖို့လည်း ပန်ကြားခဲ့ပါတယ်။ 
အသက် ၃၇ နှစ်အရွယ် ဆောင်းဟေကိုရဲ့ ကိုယ်စားလှယ်တွေကလည်း ကွာရှင်းမယ့် ကိစ္စကို အတည်ပြုခဲ့ပါတယ်။ 
ကွာရှင်းရတဲ့ အကြောင်းရင်းကတော့ နာမည်ကျော် အနုပညာရှင် နှစ်ဦးကြား စရိုက်သဘာဝတွေ ကွာဟမှုကြောင့်လို့ ယေဘုယျဆန်ဆန် ဖော်ပြထားပါတယ်။ 
အခုနှစ် အစောပိုင်း ကတည်းက သူတို့နှစ်ဦးကြား ဆက်ဆံရေး မပြေလည်မှုတွေ ရှိနေခဲ့ပြီး ကွာရှင်းပြတ်စဲဖို့ ဖြစ်လာနိုင်ကြောင်း ကောလာဟလတွေ ထွက်ပေါ်နေခဲ့ပါတယ်။

7Day

0 comments:

Post a Comment