Wednesday, June 26, 2019

ရန်ကုန်တက္ကသိုလ်အဆောင်များ အကြီးစားပြင်ဆင်မှု ပြုလုပ်ရာတွင် ပျက်စီးမှုများသည် မည်သူ့အမှားမျှ မဟုတ်ကြောင်းနှင့် တင်ဒါအောင်သည့် လုပ်ငန်းရှင်ကို မသိကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့မှ ဝန်ကြီး ဒေါ်နီလာကျော် ပြောကြား

ရန်ကုန်တက္ကသိုလ်အဆောင်များ အကြီးစားပြင်ဆင်မှုများ ပြုလုပ်ရာတွင် ပျက်စီးမှုများသည် မည်သူ့အမှားမှ မဟုတ်ကြောင်း နှင့် တင်ဒါအောင်မြင်သွားသည့် လုပ်ငန်းရှင်ကို ၎င်းမသိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှဝန်ကြီး ဒေါ်နီလာကျော် က ပြောကြားသည်။ 
ဇွန် ၂၄ ရက်က ရန်ကုန်တက္ကသိုလ်တွင် ပြုလုပ်သည့် ရန်ကုန်တက္ကသိုလ်အဆောင်များ အကြီးစား ပြင်ဆင်မှုနှင့် ပတ်သက်သည့် အစည်းအဝေးတွင် တင်ဒါရွေးချယ်ရေး ကော်မတီတွင် ဒုတိယဥက္ကဋ္ဌတာဝန် ယူထားသည့် ဒေါ်နီလာကျော်က ပြောကြားခဲ့သည်ဟု ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ နှင့် ဆရာများသမဂ္ဂက ပြောကြားသည်။ 
ရန်ကုန်တက္ကသိုလ်အဆောင်များ အကြီးစားပြင်ဆင်မှုများ ပြုလုပ်ရာတွင် ပျက်စီးမှုများ ဖြစ်ပေါ်ပြီး တင်ဒါ အောင်မြင်သွားသည့် လုပ်ငန်းရှင်က ပြင်ဆင်မှုများကို ဆက်လက် မလုပ်ဆောင်တော့ကြောင်း သိရသည်။ 
“ပျက်စီးတာတွေက တော်တော်များတယ်။ အဆောင်တွေမှာဆိုရင် ဆေးသုတ်မယ်ဆိုပြီး ကော်ရစ်တာ အောက်ဘက်အခြမ်းကို ခွာသွားတာတို့၊ ဘုရားခန်းမှာလည်း အဲကွန်းတပ်မယ်ဆိုပြီး နံရံဖောက်တယ်။ နံရံဖောက်တော့ အချပ်လိုက် ကွာကျလာရော။ ရေချိုးခန်းတွေ ပြင်မယ်ဆိုပြီး ဖျက်သွားပြီး လက်စလည်း မသတ်သွားဘူး။ အိမ်သာတွေမှာဆိုရင် အပေါ်က ပြင်တဲ့ဟာတွေက ပြုတ်ကျတော့ အိမ်သာတွေက လျှံထွက်လာပြီး ပြည့်နေရော။ အခန်းတံခါးတွေဆိုလည်း ဆေးသုတ်မယ်ဆိုပြီး တံခါးရွက်တွေ ကွာကျလာရော” ဟု ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ပြန်ကြားရေးနှင့် ပြင်ပဆက်ဆံရေး တာဝန်ခံ ကိုအောင်ကောင်းဆက်က ပြောကြားသည်။ 
“ဒီဟာက ဘယ်သူ့ရဲ့အမှားမှ မဟုတ်ဘူးဆိုပြီး သူတို့က ရှင်းပြတယ်။ ခေါ်လိုက်တာက ဘယ်လို ခေါ်လိုက်သလဲ အခုထိ မရှင်းသေးဘူး။ သေချာတာ တစ်ခုကတော့ တိုင်းအစိုးရက တင်ဒါကို ခွင့်ပြုပေးလိုက်တာ သေချာတယ်။ အဲဒါကို ကျွန်တော်တို့က တာဝန်ယူမှု တာဝန်ခံမှုကို ပြောတော့ ဒေါ်နီလာကျော်တို့က လုပ်ငန်းရှင်ကိုလည်း သူ မသိဘူး။ ရွေးလိုက်တာကိုလည်း သူ မသိဘူး။ သူက တင်ဒါ ကော်မတီထဲမှာ ဒုဥက္ကဋ္ဌထဲမှာ ပါပေမယ့် သူမသိဘူး။ တင်ဒါပေါင်း ထောင်ချီကို ခွင့်ပြုပေးလိုက်တဲ့အတွက် အခုတင်ဒါကို ခွင့်ပြုပေးလိုက်တဲ့ဟာကို သူ မသိဘူး။ အဲဒီအတွက်ကြောင့် ဘယ်သူ့ရဲ့အမှားမှ မဟုတ်ဘူးလို့ ပြောတယ်” ဟု ကိုအောင်ကောင်းဆက်က ပြောကြားသည်။ 
အဆောင်များ အကြီးစားပြင်ဆင်ရန်အတွက် တင်ဒါခေါ်ရာတွင် ကျောင်းသား၊ ဆရာနှင့် အဆောင်မှူးများ သိရှိခြင်း မရှိကြောင်း သိရသည်။ 
“တင်ဒါခေါ်တဲ့ နေရာမှာ ဘယ်တော့လောက်က ခေါ်မှန်း မသိဘူး။ ဘယ်သူတွေ ခေါ်မှန်း မသိဘူး။ အခုတော့ ရန်ကုန်တိုင်း အစိုးရအဖွဲ့က တင်ဒါခေါ်တယ် ပြောတယ်။ ဘတ်ဂျက်ကတော့ ပညာရေးဝန်ကြီးဌာန ဘတ်ဂျက် လို့ပြောတယ်။ အဲဒါတွေကို ကျောင်းသားသမဂ္ဂရော၊ ဆရာသမဂ္ဂရော၊ အဆောင်မှူးတွေလည်း မသိဘူး” ဟု ရန်ကုန်တက္ကသိုလ် ဆရာများသမဂ္ဂ ဥက္ကဋ္ဌ ဒေါက်တာထွန်းထွန်းနိုင်က ပြောကြားသည်။ 
ပျက်စီးမှုများ ပြုလုပ်ခဲ့သည့် ကန်ထရိုက်အား အရေးယူမည် ဖြစ်ကြောင်းနှင့် တင်ဒါအသစ် ခေါ်ယူမည်ဖြစ်ကာ ကျောင်းသားနှင့် ဆရာများ ပါဝင်သော တင်ဒါကော်မတီကို ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း သိရသည်။ 

Eleven Media Group

0 comments:

Post a Comment