Wednesday, June 26, 2019

မော်ချီးဒေသအတွင်း ခွင့်ပြုချက်မရှိဘဲ သတ္တုတူးဖော်နေမှု အရေးယူမည်


ကယားပြည်နယ် ဖားဆောင်းမြို့နယ် မော်ချီးဒေမှာ ခွင့်ပြုထားခြင်းမရှိသေးဘဲ စက်ယန္တရားတွေနဲ့ သတ္တုတူးဖော်မှုကို စုံစမ်းအရေးယူသွားမယ်လို့ ကယားပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ်က ပြောပါတယ်။ 
ဇွန် ၂၆ ရက်နေ့က ကျင်းပတဲ့ ကယားပြည်နယ်လွှတ်တော် ၁၄ ကြိမ်မြောက်ပုံ မှန်အစည်းဝေး ဒုတိယနေ့အတွင်း ဖားဆောင်းမြို့နယ် မဲဆန္ဒနယ်မြေအမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဦးရန်နိုင်ဆွေရဲ့မေးခွန်းကို ပြန်လည်ဖြေကြားရာမှာ ပြောဆိုခဲ့တာပါ။ 
ကယားပြည်နယ် ဖားဆောင်းမြို့နယ် မော်ချီးဒေသက ဒိုမူပယ်နဲ့ အနာဂတ်အလင်း တန်းကျေးရွာအနီး မိုလိုချောင်းမှာ သတ္တုတူးဖော်ထုတ်လုပ်နေတဲ့ ချောင်းခဲလုပ်ကွက်ဟာ အခုနှစ် ဖေဖော်ဝါရီလကစပြီး ဘက်ဟိုးတွေ အသုံးပြုပြီး မျောတိုက်ကာ ချောင်းခဲလုပ်ကွက်နဲ့ သတ္တု ထုတ်လုပ်တဲ့လုပ်ငန်းတွေ လုပ်ကိုင်နေတာ အချိန်ထိဖြစ်ပါတယ်။ 
အဆိုပါတည်နေရာမှာ သတ္တုတူးဖော်လုပ်ဆောင်နေမှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူတွေထံ မေးမြန်းစုံစမ်းသိရှိရသည်မှာ လုပ်ကိုင်ခွင့်လျှောက်ထားဆဲဖြစ်ပြီး ခွင့်ပြုမိန့် မရရှိသေးကြောင်း သိရှိရပေမယ့် လက်ရှိအချိန်ထိ သတ္တုတူးဖော်ထုတ်လုပ်မှုများကို အရှိန်အဟုန်ပြင်းပြင်းနဲ့ တူးဖော်ထုတ်လုပ်နေတာကို တွေ့ရှိပါတယ်။ 
ဒါကြောင့် ဒီလုပ်ကွက်နဲ့ပတ်သက်ပြီး ခွင့်ပြုမိန့်မရသေးမီ သတ္တုတူးဖော်ရှာဖွေရေး လုပ်ငန်းများ ဆောင်ရွက်နေခွင့်ရှိမရှိ၊ ဥပဒေနဲ့ညီညွတ်မှု ရှိမရှိ၊ မည်သူ၏ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ဆောင်ရွက်နေသည်ကို သိရှိလိုကြောင်း ဦးရန်နိုင်ဆွေက မေးမြန်းထားပါတယ်။ 
ဒီမေးခွန်းနဲ့ပတ်သက်ပြီး ကယားပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ်က အဆိုပါတည်နေရာမှာ မိမိတို့ဌာနအနေနဲ့ ခွင့်ပြုထားခြင်းမရှိကြောင်း၊ ဥပဒနဲ့မညီညွတ်တဲ့အတွက် သတ္တုဥပဒေပုဒ်မနဲ့ အရေးယူသွားမယ်လို့ ဖြေကြားခဲ့ပါတယ်။ 
“ကယားပြည်နယ်ဖားဆောင်မြို့နယ် သတ္တုတွင်းနယ်မြေတွင် ကုမ္ပဏီလုပ်ငန်းရှင်အနေဖြင့် လျှောက်ထားဆဲ သတ္တုလုပ်ကွက်ဟာ ခွင့်ပြုမိန့်မရသေးမီ သတ္တုတူးဖော်ရှာဖွေခြင်းလုပ်ငန်း ဆောင်ရွက်၍မရပါကြောင်း၊ ဥပဒေနှင့်ညီညွတ်မှုမရှိကြောင်း၊ မိမိဌာနမှ ခွင့်ပြုထားခြင်းမရှိသဖြင့် သတ္တုထုတ်လုပ်သူများအား မြန်မာ့သတ္တုဥပဒေ ပုဒ်မ ၃၀ (က) အရ အရေးယူသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါတယ်။” 
ခွင့်ပြုမိန့်မရရှိသေးခင်ကာလ သတ္တုတူးဖော်နေတဲ့ အဆိုပါလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့လည်း ဒေသအာဏာပိုင်အဖွဲ့အစည်းတွေ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ အမှတ် ၂ သတ္တုတွင်းလုပ်ငန်းနဲ့ ပေါင်းစပ်ညှိနှိုင်းကာ လုပ်ကိုင်တဲ့အဖွဲ့အစည်း (သို့မဟုတ်) ကုမ္ပဏီကို မြန်မာ့သတ္တုတွင်း ဥပဒေနည်းဥပေဒနဲ့အညီ အရေးယူနိုင်ရေး ဆောင်ရွက်သွားမယ်လို့လည်း ဖြေကြားပါတယ်။ 
ဒါ့အပြင် ချောင်းဧရိယာတလျှောက် တရားဝင်လုပ်ကွက်ပြင်ပမှာ မည်သူတဦးတယောက်မှ သတ္တုထုတ်လုပ်မှုမရှိစေရေး စောင့်ကြပ်ထိန်းသိမ်းမယ်လို့လည်း ဖော်ပြပါတယ်။ 
အဆိုပါနေရာတွင်း ကယားဌာနီကုမ္ပဏီမှ သတ္တုတူးဖော်လုပ်ကိုင်နေတာလို့ ဖားဆောင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရန်နိုင်ဆွေက ပြောပါတယ်။ 
ကယားပြည်နယ် မော်ချီးဒေသမှာ ခဲမဖြူအဖြိုက်နက် အကြီးစားထုတ်လုပ်မှု အကွက် ၁ ကွက်နဲ့ အသေးစားလုပ်ကွက် ၄ ကွက်သာလျှင် တရားဝင်ထုတ်လုပ်ခွင့်ပြုထားတယ်လို့လည်း ဦးတီရယ်က လွှတ်တော်အတွင်း ဖြေကြားခဲ့ပါတယ်။

DVB

0 comments:

Post a Comment