Monday, September 9, 2019

ရွှေဈေး၊ ဒေါ်လာဈေးမြင့်တက်မှု ဖြစ်သင့်သည်ထက် ပိုဖြစ်လာပါက ဘဏ်များအပေါ် ပြည်သူလူထု၏ယုံကြည်မှုက ပို၍အရေးကြီးဟုဆို


ရွှေဈေး၊ ဒေါ်လာဈေး မြင့်တက်မှု ဖြစ်သင့်သည် ထက်ပိုလာပါက ဘဏ်များအပေါ် ပြည်သူလူထု၏ ယုံကြည်မှုက ပို၍အရေးကြီးကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းက ပြောဆိုသည်။

စက်တင်ဘာ ၉ ရက်က ပြုလုပ်ခဲ့သော ပြည် ထောင်စုလွှတ်တော် အစည်းအဝေး ခေတ္တနားချိန်တွင် လတ်တလော ဖြစ်ပေါ်ခဲ့သည့် ရွှေဈေး၊ ဒေါ်လာဈေးမြင့် တက်လာမှုနှင့်အတူ ထွက်ပေါ်လာသည့် ဘဏ်ကိစ္စ ကောလာဟလများနှင့်ပတ်သက်၍ မီဒီယာများ၏မေးမြန်းမှုကို ၎င်းကပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
'အဲဒီလိုတော့ ကောလာဟလတွေ ရိုက်ခတ်မှု ကြောင့်တော့ မဟုတ်ဘူး။ သူ့မှာ Effect ကတော့ရှိနေ တာပဲ။ နိုင်ငံတကာ ရွှေဈေးလည်း တက်နေတာပဲ။ နိုင်ငံတကာမှာလည်း ဒေါ်လာဈေးလည်း တက်နေတာပဲ။ သို့သော် ဖြစ်သင့်တာထက်ပိုပြီးတော့ ဖြစ်လာတယ် ဆိုရင်တော့ ပြည်သူလူထုရဲ့ ယုံကြည်မှုက ပိုပြီးတော့ အရေးကြီးတာပေါ့'ဟု ဦးစိုးမင်းက ပြောဆိုသည်။
ရွှေဈေးနှင့်ဒေါ်လာဈေးတို့သည်လည်း ပုံမှန်ဖြစ် နေခြင်းသာဖြစ်ပြီး ယင်းအပေါ် ပြည်သူများ၏ယုံကြည် မှုပေါ် မူတည်၍
ပြန်လည်တည်ငြိမ်လာသည့် သဘော ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

'ဒါကြောင့် ဟိုနေ့ကလည်း ပြောလိုက်တယ်။ အားလုံးကနေ ဘဏ်တွေပေါ်မှာ စိတ်ချလက်ချရှိဖို့လိုပါ တယ်။ အားလုံးက တည်တည်ငြိမ်ငြိမ် ယုံယုံကြည်ကြည် နဲ့ကိုယ့်နိုင်ငံပေါ်မှာရော၊ ဘဏ်တွေပေါ်မှာပါ ဒီဟာကြီး ကို လှုပ်ခတ်မသွားအောင် ထိန်းသိမ်းဖို့တော့လိုတာပေါ့။
အားလုံးစိတ်ချနေရလျက်သားနဲ့တောင် ဒီလိုမျိုးဖြစ်တယ် ဆိုတာတော့ မဖြစ်သင့်ဘူးပေါ့'ဟု ဦးစိုးမင်းက ပြောဆို သည်။

ဗဟိုဘဏ်အနေဖြင့်လည်း ဘဏ်များ၏ ခိုင်မာမှု အတွက် စည်းကမ်းများ၊ စနစ်များဖြင့် အမြဲထိန်းကျောင်း နေခြင်းဖြစ်သောကြောင့် ယခုကဲ့သို့ ဖြစ်ပေါ်လာရာတွင် ပြည်သူများ၏ ယုံကြည်မှုအပေါ် များစွာမူတည်နေ ကြောင်း ၎င်းက ပြောဆိုသည်။
အမေရိကန်နိုင်ငံခြားငွေလဲလှယ်နှုန်းနှင့် ကမ္ဘာ့ ရွှေဈေးမြင့်တက်နေခြင်းကြောင့် ပြီးခဲ့သည့် ရက်ပိုင်း အတွင်းက မြန်မာ့ရွှေဈေး အခေါက်ရွှေတစ်ကျပ်သား လျှင် ကျပ် ၁၃ သိန်းကျော်အထိ စံချိန်တင်မြင့်တက်လာ သကဲ့သို့ အမေရိကန် ငွေလဲလှယ်နှုန်းသည်လည်း တစ်ဒေါ်လာလျှင် ကျပ် ၁၅၅၀ အထိမြင့်တက်ခဲ့ကြောင်း သိရသည်။
'ကစားတယ်ဆိုတာတော့ အဲဒီလောက်ကြီးအထိ တော့ ကစားတာ ဟုတ်ချင်မှဟုတ်မှာပေါ့။ သို့သော် အကြောင်း ကြောင်းကြောင့် အကြောင်းအရာတစ်ခုပေါ်မူတည်ပြီးတော့ ထပ်ဆင့်ပြီးဖြစ်လာတဲ့ကိစ္စတွေပဲဖြစ်မှာပါ။ ကစားတယ်ဆို တာမျိုးတော့မဟုတ်ပါဘူး။ အဓိကက တော့ ပြည်သူလူထုရဲ့ ယုံကြည်မှုပါပဲ။ ပြည်သူလူထုရဲ့ ယုံကြည်မှုရှိအောင်လည်း ဗဟိုဘဏ်ကလုပ်တယ်။ ဗဟို ဘဏ်ကလည်း ဘဏ်တွေအပေါ်မှာ အမြဲထိန်းကျောင်း နေတဲ့အတွက် မယုံကြည်စရာ အကြောင်းမရှိဘူး'ဟု ဦးစိုးမင်းက ပြောဆိုသည်။
လတ်တလောတွင် ကမ္ဘာ့ရွှေဈေး တစ်ထရိုင် အောင်စလျှင် ၁၅၀၉ ဒေါ်လာတွင် ရှိနေပြီး အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၁၂ သိန်းခွဲ ဝန်းကျင်ရှိနေသကဲ့ သို့ အမေရိကန်နိုင်ငံခြားငွေလဲလှယ်နှုန်းသည်လည်း တစ်ဒေါ်လာလျှင် ကျပ် ၁၅၄၀ ဝန်းကျင်ဖြင့် အရောင်း အဝယ်ဖြစ်ပေါ်နေကြောင်း သိရသည်။
သတင်း၊ ဓာတ်ပုံ - မင်းမင်းထွန်း

0 comments:

Post a Comment