Thursday, September 1, 2022

AA ကသိမ်းပိုက်ထားသည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းကို ပြန်လည်ရရှိရေးလုပ်ဆောင်နေဟု စစ်ကောင်စီဆို

ရက္ခိုင့်တပ်တော်(AA)မှ သိမ်းပိုက်ထားသည့် ရခိုင်ပြည်၊ မောင်တောမြောက်ပိုင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မိုင်တိုင်အမှတ်(၄၀)အနီးမှ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းကို ပြန်လည်သိမ်းပိုက်ရရှိရေးအတွက် စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း စစ်ကောင်စီပိုင် မြန်မာ့အလင်းသတင်းစာတွင် ရေးသားထားသည်။
“အဲဒီစခန်းကို ပြန်လည်သိမ်းပိုက်ရရှိရေး စစ်ကူ၊ ပစ်ကူရယူ၍ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လိုအပ်တာတွေ ဆက်လက်ဆောင်ရွက်လျက်ရှိတယ်”ဟု အဆိုပါသတင်းတွင်ဖော်ပြထားသည်။
ယင်းအပြင် စစ်ကောင်စီအနေဖြင့် ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိစဉ်တွင် AA အနေဖြင့် ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကိုလျစ်လျူရှု၍ မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်ခြားမှတ်တိုင်အမှတ် ဘီပီ-၄၀ ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းအား ဩဂုတ်လ ၃၁ ရက်နံနက်ပိုင်းတွင် AA အဖွဲ့က သာလွန်အင်အားဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းဟုလည်း ဆိုထားသည်။
နယ်ခြားစောင့်ရဲတပ်ဖွဲ့များအနေဖြင့် ခုခံတိုက်ခိုက်ခဲ့သော်လည်း AA အဖွဲ့၏ မတန်တဆများပြားသော အင်အားအလုံးအရင်းဖြင့် အလစ်အငိုက်ရယူတိုက်ခိုက်ခဲ့ခြင်းကြောင့် စခန်းအား လက်လွတ်ဆုံးရှုံးခဲ့ရပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တစ်ချို့ ထိခိုက်ကျဆုံးခဲ့ရသည်ဟုလည်း ပါရှိသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ထာဝရငြိမ်းချမ်းရေးရရှိရန် အဘက်ဘက်မှ ကြိုးပမ်းနေစဉ်ကာလအတွင်း AA အဖွဲ့သည် နယ်စပ်ဒေသတည်ငြိမ်းအေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် လုံခြုံရေးတာဝန်ထမ်းဆောင်နေသော နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များအား ယခုကဲ့သို့ ရက်စက်စွာတိုက်ခိုက်သတ်ဖြတ်လာမှုနှင့် ပတ်သက်၍ ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားကာ ရရှိထားသောတည်ငြိမ်အေးချမ်းမှု ထိခိုက်ပျက်ပြားမည်ကို စိုးရိမ်ထိတ်လန့်လျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
သြဂုတ် ၂၈ ရက်နေ့က စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် မြောက်ဦးမြို့နယ်၊ ကင်းဆိပ်ကျေးရွာမှ အသက် (၅)နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် (၃)ဦးသေဆုံးပြီး (၉)ဦးဒဏ်ရာရရှိသွားသည့်ဖြစ်စဉ်အပေါ် လက်တုန့်ပြန်သည့်အနေဖြင့် မိုင်တိုင်(၄၀)အနီးရှိ စစ်ကောင်စီနယ်ခြားစောင့်ရဲစခန်းကို သိမ်းပိုက်ရခြင်းဖြစ်သည်ဟု ရက္ခိုင့်တပ်တော်(AA)မှ ပြောဆိုထားသည်။
မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် နေရာအနှံ့တွင် စစ်ရေးတင်းမာမှုများရှိနေပြီး မောင်တောနှင့် ချင်းပြည်နယ်၊ပလက်ဝမြို့နယ်တို့တွင် ပြီးခဲ့သည့်သြဂုတ်လဆန်းမှ ယနေ့အချိန်ထိ တစ်လနီးပါး တိုက်ပွဲဆက်တိုက်ပြင်းထန်နေကြောင်း ရက္ခိုင့်တပ်တော်(AA)၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက DMG ကို ယမန့်နေကဖြေဆိုထားသည်။
မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် ပြီးခဲ့သည့် ၂၀၁၈ ခု နှစ်ကုန်ပိုင်းမှစတင်ကာ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ၂၀၂၀ ခု နိုဝင်ဘာလပထမပတ်တွင် နားလည်မှုသဘောဖြင့် တိုက်ပွဲရပ်တန့်ခဲ့သည်။
ယင်းနောက် တစ်နှစ်ခန့်အကြာ တိုက်ပွဲများငြိမ်သက်နေခဲ့ပြီး ၂၀၂၁ ခု နှစ်ကုန်ပိုင်းမှစတင်ကာ နှစ်ဘက်တင်းမာမှုများရှိလာခဲ့ပြီး တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်ပွားလာခဲ့သည်။ ယခု ၂၀၂၂ ခုနှစ်အတွင်းတွင် စစ်တပ်နှင့် AA တို့ကြား တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ဖမ်းဆီးခြင်းများနှင့်အတူ တကျော့ပြန်တိုက်ပွဲများပြန်လည် ဖြစ်ပွားလာခြင်းဖြစ်သည်။

DMG

0 comments:

Post a Comment