Tuesday, September 13, 2022

ကြည့်မြင်တိုင် ပန်းပင်နီလမ်း၌ UN အား တောင်းဆိုသည့် လှုပ်ရှားမှုပြုလုပ်နေစဉ် စစ်ကောင်စီတပ်မှ ပစ်ခတ်ဖမ်းဆီးခြင်းကြောင့် ၁၅ ယောက်ကျော် အဆက်အသွယ်ပြတ်တောက်

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်ရှိ ပန်းပင်နီလမ်း(ပန်းပင်ကြီးလမ်း) တွင် ယနေ့ စက်တင်ဘာလ ၁၃ ရက် ညနေခင်းက UN အား တောင်းဆိုသည့် လှုပ်ရှားမှုပြုလုပ်နေစဉ် စစ်ကောင်စီတပ်မှ ပစ်ခတ်ဖမ်းဆီးခြင်းကြောင့် ၁၅ ဦးနှင့်အထက် အဆက်အသွယ်ပြတ်တောက်နေကြောင်း ရေဘဝဲ(ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း) ထုတ်ပြန်ချက်မှ သိရသည်။
ဖြစ်စဉ်မှာ ပန်းပင်နီလမ်းတွင် လူထုတေးသံသီချင်းသံပြိုင်သီဆို၍ "UN Prove Your Existence For Justice" စာသား ကိုင်ဆွဲကာ ပြည်သူ့သံအမတ်ဦးကျော်မိုးထွန်းသည် ပြည်သူ့အသံ၊ပြည်သူ့အစိုးရကိုယ်စားပြုဖြစ်ကြောင်းနှင့် ပြည်သူ့သံအမတ်ကိုသာ ဆက်လက်အားပေးရပ်တည်ရန် UN ကိုတောင်းဆိုသည့် အကြမ်းမဖက်လှုပ်ရှားမှုပြုလုပ်နေကြစဥ် အကြမ်းဖက် စစ်ကောင်စီတပ်မှ အိမ်စီးကားများ၊ အရပ်ဝတ်များဖြင့် လာရောက်ကာ သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခြင်းဖြစ်ကြောင်းပါရှိသည်။
ထို့ကြောင့် ရေဘဝဲနှင့် မဟာမိတ်အဖွဲ့အစည်းများမှ ရဲဘော် ၁၅ ယောက်ကျော်နှင့် လက်ရှိအချိန်ထိ အဆက်အသွယ်ပြတ်တောက်နေကြောင်း ထည့်သွင်းဖော်ပြထားသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ်မေးမြန်းနိုင်ရန် ရေဘဝဲပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်းအား ဆက်သွယ်ထားသော်လည်း လုံခြုံရေးအခြေအနေအရ ချက်ခြင်းပြန်လည်ဖြေကြားမှုမပြုလုပ်နိုင်သေးကြောင်း ပြောသည်။
အကြမ်းဖက် ဖမ်းဆီးခံရမှုဖြစ်စဥ်တွင် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)၊ အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-ဗဟို) ၊ Myanmar Labour Alliance ၊ ဗမာ့လူငယ်ကွန်ရက် ၊ ပညာနန်း​တော်ကိုယ်ပိုင်​ကျောင်း​ကျောင်းသားများသမဂ္ဂ ၊ Owl Community ၊ သတင်းထောက်များ အစရှိသောအဖွဲ့အစည်းအသီးသီးမှ အမျိုးသမီး၊အမျိုးသား၊LGBTQ နှင့် အသက်မပြည့်သေးသောလူငယ်များ စုစုပေါင်း (၁၅) ယောက်ကျော် အဆက်အသွယ်ပြတ်တောက်နေပြီး ပစ်ခတ်ဖမ်းဆီးခံရချိန်မှစ၍ ယခုအချိန်ထိ မည်သည့်နေရာသို့ရောက်ရှိနေကြောင်း မသိရှိရပါ။
လွန်ခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့ကလည်း ကြည့်မြင်တိုင်၊ ပန်းပင်ကြီးလမ်းတွင်ပင် ရန်ကုန်လူထုသပိတ်ကပြုလုပ်သော ဆန္ဒပြပွဲအား စစ်ကောင်စီတပ်က နောက်မှကားဖြင့်ဝင်တိုက်ပြီး သေနတ်ဖြင့်ပစ်ခတ်ကာ အကြမ်းဖက်ဖြိုခွဲမှုကြောင့် ဆန္ဒပြလူငယ်အချို့သေဆုံးပြီး ၁၂ ဦးထိခိုက်ဒဏ်ရာရကာ ၁၅ ဦးအထိ ဖမ်းဆီးခံရသည့်ဖြစ်စဉ်ရှိခဲ့ဖူးသည်။
ထိုဖြစ်စဉ်ကြောင့် ဖမ်းခံရသူများထဲမှ ပြန်လည်လွတ်မြောက်လာသူလည်းရှိသလို ယနေ့တိုင် ဖမ်းဆီးခံထားရသူများလည်းရှိပြီး ဆန္ဒပြပွဲအား သတင်းရယူရန်လိုက်ပါခဲ့သော သတင်းထောက်နှစ်ဦးမှာလည်း စစ်ကောင်စီတပ်မှ ကားဖြင့်တိုက်ဖမ်းခဲ့မှုကြောင့် ဒဏ်ရာအပြင်းအထန်ရကာ အဖမ်းခံခဲ့ရပြီး စစ်ကြောရေးဖြတ်ကာ လက်ရှိထိ အင်းစိန်ထောင်၌ ရှိနေဆဲဖြစ်သည်။

Mizzima

0 comments:

Post a Comment