Tuesday, September 13, 2022

ကောလင်းတိုက်ပွဲမှာ တော်လှန်ရေးတပ်ဖွဲ့ဝင် ၈ ယောက်နဲ့ အရပ်သား နှစ်ယောက် သေဆုံး

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် အရိုးတောင်နဲ့ နတ်တောင်ကြားက ဇီးကုန်းနဲ့အင်ပင်သာရွာအနားမှာ စက်တင်ဘာ ၁၂ ရက်က တိုက်ပွဲဖြစ်ပွားပြီး ဒေသကာကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ယောက်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ယောက်သေဆုံးပြီး အရပ်သား ၂ ယောက် အသတ်ခံရတယ်လို့ ဒေသတွင်း သတင်းမီဒီယာတွေကနေ သိရပါတယ်။
စစ်ကောင်စီတပ်တွေက ဇီးကုန်းရွာထဲကို ဝင်ရောက်ပစ်ခတ်ချိန်မှာ အရပ်သားတွေဖမ်းမိပြီး အသတ်ခံရတာလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။
“ အရပ်သား နှစ်ယောက်ထဲမှာ တစ်ယောက်က ဇီးကုန်းရွာက CDM ကျောင်းဆရာ ကိုချမ်းသာ၊ နောက်တစ်ယောက်က အရပ်သား ကိုသိန်းဇော်။ ကိုချမ်းသာရယ်၊ မမီမီခိုင်ရယ်၊ ကိုသိန်းဇော်တို့က ရွာထဲမှာ လေဖြတ်နေတဲ့သူကျန်နေတာကို ဝင်ကူဆွဲရင်း အဖမ်းခံရတာ။ မမီမီခိုင်ဆီကတော့ လက်ဝတ်လက်စားတွေယူသွားတယ်။ ကိုချမ်းသာနဲ့ ကိုသိန်းဇော်တို့ကို ပစ်သတ်သွားတာ။ “ လို့ ပြောပါတယ်။
တိုက်ပွဲဖြစ်တာ စက်တင်ဘာ ၁၂ ရက်မှာဖြစ်ခဲ့ပေမဲ့ အင်တာနက်လိုင်းနဲ့ ဖုန်းလိုင်းဖြတ်တောက်ခံထားရတာတွေကြောင့် သတင်းအချက်လက်တွေကို ဒီနေ့ စက်တင်ဘာ ၁၄ ရက်မှ တင်ပေးနိုင်တာဖြစ်တယ်လို့လည်း ပြောပါတယ်။
စက်တင်ဘာ ၁၄ ရက် ဒီနေ့မှာလည်း ခံသာတိုက်နယ်၊ ခံသာရွာကို မနက် ၆ နာရီကတည်းက စစ်ကြောင်းရောက်ရှိနေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး ရွာသားတချို့အဖမ်းခံရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပုံစာ- ဇန်နဝါရီ ၂၇ ရက်က လက်နက်ကြီးနဲ့ပစ်ခတ်ခံရတဲ့ ကောလင်းမြို့နယ် ကန်လည်ကြီးရွာ
ပုံ- ကောလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေး
#ကောလင်း #စစ်အာဏာသိမ်း#စစ်ကြောင်းထိုး#လက်နက်ကြီး#သေဆုံး

0 comments:

Post a Comment