Wednesday, September 7, 2022

ကိုဗစ်ရောဂါပြည်တွင်းကူးစက်မှုရက်ပိုင်းအတွင်း ရာချီတိုး၊ တစ်ပတ်အတွင်း သေဆုံးသူ ၃ ယောက် ရှိ

ကိုဗစ်ရောဂါကူးစက်မှုတွေရက်ပိုင်းအတွင်း ရာချီတိုးလာပြီး ရက်သတ္တပတ်အတွင်းသေဆုံးသူ ၃ ယောက်အထိရှိလာတာကို စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်တဲ့စာရင်းတွေအရသိရပါတယ်။
ထုတ်ပြန်တဲ့စာရင်းတွေအရ မနေ့စက်တင်ဘာ ၇ ရက်နေ့က နောက်ဆုံးထုတ်ပြန်ထားတဲ့ စာရင်းအရ ကိုဗစ်ကူးစက်သူပေါင်း ၂၂၃ ဦးရှိပြီး အဲဒီထဲမှာ ပြည်တွင်းကူးစက်မှု ၂၀၉ ဦးအထိရှိလာနေပါတယ်။
ကိုဗစ်နဲ့လူသေဆုံးမှုမရှိခဲ့တာ ရက်ပေါင်း ၁၂၆ ရက်ကြာမြင့်ပြီးတဲ့နောက် ပြီးခဲ့တဲ့ သြဂုတ် ၁၂ ရက်မှာ သေဆုံးသူတစ်ဦးပြန်စရှိလာပြီး အဲဒီလထဲမှာပဲ သေဆုံးသူ ၄ ဦးအထိရှိခဲ့တာပါ။
အခုစက်တင်ဘာလထဲမှာတော့ ပထမပတ်တစ်ပတ်တည်းမှာတင် သေဆုံးသူ ၃ ဦးအထိဖြစ်လာပြီး ကူးစက်မှုတွေဟာလည်း နေ့စဥ် ဆယ်ဂဏန်းရှိရာကနေတရိပ်ရိပ်တိုးလာပြီး ရက်ပိုင်းအတွင်း ၂၀၀ ကျော်အထိဖြစ်လာတာတွေ့ရပါတယ်။
ဒီစာရင်းတွေဟာဆိုရင် စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ရရှိထားတဲ့စာရင်းတွေဖြစ်ပြီးကျန်းမာရေးဌာနတွေဆီမဆက်သွယ်ဘဲ နေအိမ်မှာတင် ကူးစက်မှုကို ကုသနေကြသူတွေရှိနေသလိုပြင်ပဆေးရုံဆေးခန်းတွေမှာလည်း ကိုဗစ်ရောဂါနဲ့ပတ်သက်ပြီးလာရောက်ကုသသူတွေရှိသလိုကူးစက်မှုတွေလည်းတွေ့နေရတယ်လို့ ပြင်ပက အထွေထွေသမားတော်ကြီးတစ်ဦးက ဘီဘီစီကိုပြောပြထားပါတယ်။
မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ရောဂါပိုး အိုမီခရွန်နဲ့သူ့ရဲ့မျိုးစိတ်အသစ်တွေကို သတိထားဖို့ လိုအပ်ပြီးထပ်ဆောင်းကာကွယ်ဆေးတွေထိုးနှံဖို့ ကိုလည်းစစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်နေသလို သမားတော်ကြီးတွေကလည်းတိုက်တွန်းထားပါတယ်။
ဓါတ်ပုံ-MPA (ပုံဟောင်း)

0 comments:

Post a Comment