Wednesday, September 7, 2022

အဖွဲ့အစည်းအားလုံးအပေါ် တန်းတူညီမျှမှုပေးဖို့ NUG ထံ မွန်တော်လှန်ရေးအင်အားစုတွေ တောင်းဆို

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ အာဏာသိမ်း စစ်အုပ်စုကို အမြစ်ပြတ်တော်လှန်ရာ အဖွဲ့အစည်းအားလုံးအပေါ် တန်းတူညီမျှခွင့်နဲ့ ထိတွေ့ ဆက်ဆံမှုပေးဖို့ မွန်ပြည်နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုတွေက ပြည်သူ့ခုခံတော်လှန်စစ် တစ်နှစ်ပြည့်မှာ တောင်းဆိုလိုက်ပါတယ်။
နိုင်ငံတော် အာဏာကို လက်နက် အားကိုးနဲ့ မတရား အာဏာသိမ်းယူခဲ့တဲ့ အာဏာသိမ်း စစ်အုပ်စုကို နိုင်ငံတဝန်းမှာ လှဲနေလှေအောင်း မြင်းဇောင်းမကျန် ပြည်သူ့ခုခံတော်လှန်စစ် စတင်ခဲ့တာ ဒီကနေ့ စက်တင်ဘာ ၇ ရက်နေ့မှာ တစ်နှစ်တိတိ ပြည့်မြောက်သွားပြီ ဖြစ်ပါတယ်။
ဒီတစ်နှစ်အတွင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ စစ်ရေးလှုပ်ရှားမှုတွေ အများကြီး လုပ်ဆောင်လာနိုင်သလို စိုးမိုးနယ်မြေတွေလည်း အထိုက်အလျောက်ရှိခဲ့တာဟာ အားသာချက်တစ်ခု ဖြစ်တယ်လို့ မွန်ပြည်နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုတွေက ဆိုကြပါတယ်။
ဒါပေမယ့် စစ်အုပ်စုကို တော်လှန်ရာမှာ NUG အနေနဲ့ တော်လှန်ရေး အဖွဲ့အစည်းအားလုံးအပေါ် တန်းတူညီမျှခွင့်နဲ့ ထိတွေ့ ဆက်ဆံမှုပေးဖို့ အပါအဝင် ချန်လှပ်တာတွေ မလုပ်ဖို့ မွန်ပြည်ကာကွယ်ရေးတပ်၊ မြောက်ပိုင်းဒေသဦးစီးကော်မတီ၊ တာဝန်ခံ နိုင်ကိုသူက တောင်းဆိုလိုက်တာပါ။
“အဓိက ပြောချင်တာကတော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ကျွန်တော်တို့ ပြည်သူ့အစိုးရတစ်ရပ်အနေနဲ့ အသိအမှတ်ပြုထားပြီးသားပါ။တန်းတူညီမျှဖြစ်ဖို့နဲ့ ဆက်ဆံဖို့ကတော့ NUG မှာ တာဝန်ယူထားတဲ့ တာဝန်ရှိသူတွေ အားလုံး သက်ဆိုင်ပါတယ်။ဖက်ဒရယ်ကို သွားမယ်ဆိုရင်တော့ တန်းတူညီမျှမှုကို ချန်လှပ်ထားလို့ မရပါဘူး”လို့ သူက ပြောပါတယ်။
ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဟာ Local PDF တွေအပေါ် ထိရောက်တဲ့ ချိတ်ဆောင်ရွက်မှုတွေနဲ့ ပံ့ပိုးကူညီနိုင်မှု အားနည်းနေတယ်လို့ သူက ဆိုပါတယ်။
NUG ကာကွယ်ရေးဝန်ကြီးဌာနကတော့ လက်နက်ဖြန့်ဖြူးရေးကိစ္စမှာ တိုက်ပွဲပြင်းထန်နေတဲ့ ဒေသတွေကို ဦးစားပေး ပို့ဆောင်ပေးနေသလို ရရှိထားတဲ့ ဘတ်ဂျက်ပေါ် မူတည်ပြီး လက်နက်ဝယ်ယူရေးနဲ့ ဖြန့်ဖြူးရေးတို့ကို စနစ်တကျ ဆောင်ရွက်နေတယ်လို့ ဆိုးထားပါတယ်။
သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့PDF တာဝန်ခံကလည်း အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဝန်ကြီးဌာနတွေ အားလုံးကို မျှတအောင် ဖြည့်ဆည်းပေးမယ်ဆိုရင် တော်လှန်ရေးဟာ အချိန်ခဏနဲ့ အောင်မြင်နိုင်မယ်လို့ မှတ်ချက်ပြုပါတယ်။
“တပ်ဖွဲ့တွေကို စနစ်တကျဖြစ်အောင် အမြန်ဆုံး စည်းမျဉ်းစည်းကမ်းတွေ ဥပဒေတွေ အမြန်ထုတ်ပေးဖို့ လိုတာပေါ့။ ပြီးတော့ ကျွန်တော်တို့ ဖြစ်တည်မှုတွေကိုလည်း အမြန်ဆုံး ဖြည့်ပေးဖို့ အကြံပြုချင်တယ်။အစိုးရတစ်ရပ်ဖြစ်ပြီဆိုတော့ ဝန်ကြီးဌာနပေါင်းများစွာ ဖြစ်တည်ရမှာဖြစ်တဲ့အတွက် ဝန်ကြီးဌာနတွေ အားလုံးကို သင့်တင့်လျောက်ပတ်စွာ အကုန်လုံးမျှတဖြည့်ဆည်းပေးမယ်ဆိုရင် ကျွန်တော်တို့ တော်လှန်ရေး ခဏနဲ့ အောင်မြင်သွားမှာ ဖြစ်တယ်” လို့ သူက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မွန်ပြည်နယ်မှာတော့ အာဏာသိမ်း စစ်အုပ်စုကို ရရာလက်နက်စွဲကိုင်ပြီး တော်လှန်နေနေတဲ့ တော်လှန်ရေးအင်အားစုပေါင်း ၃၀ ထက်မနည်း ရှိနေတာ ဖြစ်ပြီး စစ်ကောင်စီရဲ့ ထောက်တိုင်တွေဖြစ်တဲ့ ဌာနဆိုင်ရာရုံးတွေ၊ စစ်ဆေးရေးဂိတ်တွေနဲ့ ရဲစခန်းတွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့တွေကို တော်လှန်တိုက်ခိုက်နေတာပါ။
ဒါပေမယ့် တော်လှန်ရေးအင်အားစုတွေဟာ NUG ဆီက လက်နက်အထောက်အပံ့ ရရှိမှု အားနည်းနေသလို ပြည်သူတွေရဲ့ ကူညီလှူဒါန်းတွေနဲ့ စစ်ကောင်စီကို တော်လှန်နေရတာ ဖြစ်ပါတယ်။
NUG ကတာ့ စစ်အုပ်စုကို ခုခံတော်လှန်ခဲ့တဲ့ တစ်နှစ်တာအတွင်း စစ်ကောင်စီတပ်သားပေါင်း ၂၀၁၅၀ ကျော် သေဆုံးပြီး ဒဏ်ရာရသူ ၇၀၀၀ နီးပါးခဲ့သလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေနဲ့ မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်တွေ သူရဲကောင်းရဲဘော် ၁၅၀၀ ကျော် ကျဆုံးခဲ့ရတယ်လို့ ဆိုထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ဟာ နိုင်ငံတဝန်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃၀၀ ကျော် ဖွဲ့စည်းထားပြီး မြို့နယ်အခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကိုလည်း မြို့နယ်ပေါင်း ၂၅၀ မှာ ဖွဲ့စည်းထားပါတယ်။

သတင်း-သံလွင်တိုင်းမ်

0 comments:

Post a Comment