Sunday, September 4, 2022

ဘင်္ဂလားဒေ့ရှ်ပိုင်နက်ထဲ စစ်လေယာဥ် ဝင်ရောက်ပျံသန်းမှု မြန်မာသံအမတ် ဆင့်ခေါ်ခံရပြန်

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင်နက်ထဲကို မြန်မာစစ်တပ်လေယာဥ်တွေ ဝင်ရောက်ပျံသန်းခဲ့မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ မြန်မာသံအမတ်ဟာ မနေ့ သြဂုတ်လ ၄ ရက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ဆင့်ခေါ်တာ ခံခဲ့ရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်နေ့တုန်းက မြန်မာစစ်တပ် လေယာဥ်တွေ ဘင်္ဂလား‌ဒေ့ရှ်လေပိုင်နက်ထဲ ကျူးကျော်ပျံသန်းခဲ့တာ၊ အဲဒီလေယာဥ်တွေကနေ ပစ်ခတ်တဲ့ ကျည်တွေဟာ ဘင်္ဂလားဒေ့ရှ်ပိုင်နက်ထဲ မီတာ ၁၅၀ ဝန်းကျင်အထိ ကျရောက်ခဲ့တာတွေအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ပြသဖို့ မြန်မာသံအမတ် ဦးအောင်ကျော်မိုး အခုလို ဆင့်ခေါ် ခံရတာဖြစ်ပါတယ်။
အဲဒီလိုဆင့်ခေါ်ခံရချိန်မှာ အခုဖြစ်ရပ်တွေဟာ ဘင်္ဂလားဒေ့ရှ်အတွက် လုံခြုံရေးနဲ့ဘေးကင်းရေးကို ခြိမ်းခြောက်မှုဖြစ်သလို နှစ်နိုင်ငံ နယ်စပ်သဘောတူညီချက်ကို ချိုးဖောက်ရာလည်းရောက်ပြီး အိမ်နီးချင်းကောင်းဆိုတဲ့အခြေအနေနဲ့လည်း ဆန့်ကျင်ဘက်ဖြစ်တယ်ဆိုတာကို မြန်မာသံအမတ်ကို မြန်မာ့အရေးဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးကပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒီလိုပစ်ခတ်မှုတွေကြောင့် ရခိုင်ပြည်နယ်အတွင်းမှာနေထိုင်တဲ့ ပြည်တွင်းစစ်ရှောင်တွေ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဘက်ကို မဝင်ရောက်လာအောင် လုပ်ဖို့လည်း သံအမတ်ကို တိုက်တွန်းခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်ပိုင်နက်ထဲ လက်နက်ကျည်ကျရောက်တာနဲ့ပတ်သက်ပြီး မြန်မာသံအမတ်ဟာ ၁၅ ရက်အတွင်း ၃ ကြိမ်တိုင်တိုင်ဆင့်ခေါ် ခံရတာဖြစ်ပါတယ်။
တစ်ဖက်မှာလည်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်မှာ ရခိုင်ပြည်နယ်ထဲက စစ်တပ်ရဲ့ နယ်စပ်လုံခြုံရေးစခန်း အမှတ် ၄၀ကို ရက္ခိုင့်တပ်တော်(အေအေ)က သိမ်းယူမှုဖြစ်ပြီးတဲ့နောက် နယ်စပ်မှာ အေအေနဲ့ စစ်တပ်တို့အကြားတိုက်ပွဲဖြစ်ပွားမှုဟာ စက်တင်ဘာလ ၃ ရက်မှာ အပြင်းထန်ဆုံးဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောထားပါတယ်။
အဲဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၉ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေကို သိမ်းဆည်းမိခဲ့တယ်လို့ အေအေဘက်က အစောပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဘက်ကတော့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ် နေပေမဲ့ အေအေဟာ အင်အားနည်းတဲ့နယ်စပ်လုံခြုံရေးစခန်းကို သာလွန်အင်အားသုံး တိုက်ခိုက်ခဲ့တယ်ဆိုပြီး ပြောဆိုထားပါတယ်။

ပုံစာ - ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းက မြန်မာသံအမတ်က သူ့ရဲ့သံတမန်ခန့်အပ်လွှာကို ဘင်္ဂလားဒေ့ရှ် သမ္မတထံ ပေးအပ်ခဲ့ချိန်က ဖြစ်ပါတယ်။
ဓာတ်ပုံ - ဒါကာထရီဗျူး

0 comments:

Post a Comment