Tuesday, September 13, 2022

ရုရှားက ပြည်ပရွေးကောက်ပွဲတွေမှာ ဝင်ရောက်စွက်ဖက်ဖို့ ဒေါ်လာသန်း ၃၀၀ ထိ အသုံးပြုခဲ့

ရုရှားအစိုးရဟာ ၂၀၁၄ ခုနှစ်နောက်ပိုင်း ပြည်ပနိုင်ငံတွေကို ဩဇာလွှမ်းမိုးနိုင်ရေး နိုင်ငံနှစ်ဒါဇင်ကျော်က ပါတီတွေ၊ ကိုယ်စားလှယ်လောင်းတွေဆီကို အနည်းဆုံး အမေရိကန်ဒေါ်လာ သန်း ၃၀၀ ထိ လျှို့ဝှက် ပေးပို့ခဲ့တယ်လို့ အမေရိကန် ထောက်လှမ်းရေးအကဲဖြတ်အဖွဲ့က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဒီအချက်တွေဟာ အမေရိကန်ထောက်လှမ်းရေးက အနိမ့်ဆုံးခန့်မှန်းထားတဲ့ ကိန်းဂဏန်းတွေသာဖြစ်ပြီး ရုရှားအနေနဲ့ တခြား လျှို့ဝှက်ရန်ပုံငွေတွေ ပေးပို့ထားတာတွေ ရှိနိုင်သေးတယ်လို့ အကြီးတန်းအုပ်ချုပ်ရေးအရာရှိတစ်ဦးက ပြောကြားခဲ့တာပါ။
“ဒါဟာ ရေခဲတောင်ကြီးရဲ့ မြင်သာတဲ့အစွန်းအဖျားပဲ ရှိပါသေးတယ်” လို့ အမည်မဖော်လိုတဲ့ အမေရိကန်အရာရှိက ပြောဆိုခဲ့ပါတယ်။
အဆိုးရွားဆုံးကိစ္စတစ်ရပ်အနေနဲ့ အမည်ဖော်ပြမထားတဲ့ နိုင်ငံတစ်နိုင်ငံက ရုရှားသံအမတ်တစ်ဦးဟာ သမ္မတရွေး ကောက်ပွဲအတွက် ဒေါ်လာသန်းချီပေးအပ်ခဲ့တယ်လို့ ထောက်လှမ်းရေးသတင်းက ဖော်ပြပါတယ်။
ဖွင့်ချလိုက်တဲ့အကဲဖြတ်မှုထဲမှာ ရုရှားက ဘယ်နိုင်ငံတွေကို ဝင်ရှုပ်ခဲ့တယ်ဆိုတာ အသေးစိတ်ဖော်ပြမထားပါဘူး။ သို့သော်လည်း တွေ့ရှိချက်တွေနဲ့ နီးစပ်တဲ့သတင်းရင်း မြစ်တစ်ခုကတော့ ရုရှားဟာ ၂၀၁၇ ခုနှစ်တုန်းက
အယ်လ်ဘေးနီးယား ဗဟိုလက်ယာဒီမိုကရက်တစ်ပါတီကို ကျောထောက်နောက်ခံပေးဖို့ အမေရိကန်ဒေါ်လာ ၅၀၀,၀၀၀ ဝန်းကျင် သုံးစွဲခဲ့တယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။
ဒါ့အပြင် ဘော့စနီးယား၊ မွန်တီနီဂရိုးနဲ့ မာဒါဂတ်စကာ ပါတီတွေ သို့မဟုတ် ကိုယ်စားလှယ်လောင်းတွေကိုလည်း ငွေကြေးထောက်ပံ့မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုထားပါတယ်။
နောက်ထပ် သတင်းရင်းမြစ်တစ်ခုအရ ရုရှားဟာ ဘရပ်ဆဲလ်ကို ဖောင်ဒေးရှင်းတွေနဲ့ တခြားလက်ယာစွန်းကိုယ် စားလှယ်တွေကို ကျောထောက်နောက်ခံပေးတဲ့ အဖွဲ့အစည်းတွေရဲ့ ဗဟိုချက်တစ်ခုလို အသုံးချခဲ့တယ်လို့ သိရပါတယ်။
၂၀၁၄ နဲ့ ၂၀၁၇ ကြားမှာ ရွေးကောက်ပွဲတွေကို လွှမ်းမိုးရေးကြိုးပမ်းချက်အနေနဲ့ အီကွေဒေါနိုင်ငံက ရုရှားသံရုံးကို ငွေကြေးအမြောက်အမြား ပေးပို့ခဲ့တယ်လို့လည်း အဆိုပါ သတင်းရင်းမြစ်က ဆိုပါတယ်။
ရုရှားဟာ အဲဒီလို ငွေကြေးထောက်ပံ့မှုတွေလုပ်ဆောင်ဖို့ ဥရောပမှာ ဟန်ပြကုမ္ပဏီတွေထားပြီး အတုအယောင်စာချုပ်တွေကို အသုံးပြုခဲ့တာပါ။ ဒါ့အပြင် ဗဟိုအမေရိက၊ အာရှ၊ အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိကနိုင်ငံတွေကိုလည်း လျှို့ဝှက်ရန်ပုံငွေတွေ တိုက်ရိုက်ပေးပို့နိုင်ခဲ့တယ်လို့ အဆိုပါ အကဲဖြတ်မှတ်တမ်းမှာ ဖော်ပြပါတယ်။
ရံဖန်ရံခါ ရုရှားဟာ ငွေသားပေးပို့တာမျိုးရှိသလို ဒစ်ဂျစ်တယ်ငွေကြေးနဲ့ တန်ဖိုးကြီးမားတဲ့ လက်ဆောင်ပစ္စည်းတွေကိုလည်း အသုံးချခဲ့တယ်လို့ သိရပါတယ်။
အမေရိကန်အစိုးရဟာ ရုရှားရဲ့ လျှို့ဝှက်ငွေကြေးထောက်ပံ့မှုကြောင့် တိုက်ရိုက်ထိခိုက်မှုရှိခဲ့တဲ့ နိုင်ငံတွေရဲ့ တွေ့ရှိချက်တွေကို စုဆောင်းနေဆဲဖြစ်တယ်လို့ အဆိုပါ ထောက်လှမ်းရေးအရာရှိက ပြောကြားခဲ့ပါတယ်။

Burma Associated Press
Source – CNA
ပုံစာ - ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်။

0 comments:

Post a Comment