Thursday, September 8, 2022

မုံရွာမြို့သနပ်ခါးစျေးတန်းတွင်စျေးလျော့ရောင်းချနေသော်လည်းဝယ်သူမရှိဖြစ်နေ

မုံရွာမြို့ကျောက်ကာလမ်းရှိသနပ်ခါးစျေးတန်းတွင်စျေးလျော့ရောင်းချနေသော်လည်းဝယ်သူမရှိဖြစ်နေကြောင်းသနပ်ခါးရောင်းချနေသူတွေထံမှ သိရပါတယ်။ 

"သနပ်ခါးစျေးကွက်ကအေးနေတယ်။အရင်ကတစ်နေ့ကိုငါးသောင်းဖိုးတစ်သိန်းဖိုးရောင်းရတယ်။အခုနှစ်သောင်းဖိုးသုံးသောင်းဖိုးရောင်းရဖို့မလွယ်ဘူး။တစ်ခါတစ်လေစျေးဦးမပေါက်ဘူး။နယ်တွေတင်တာလည်းရှားသွားတယ်။လမ်းကြောရောဘာရောဆိုတောစဥ်းစားကြတာပေါ့။မြို့ပေါ်အဝယ်ကတော့တစ်တုံး၊၂တုံး၊အဲလောက်လေးတွေရောင်းရတာပေါ့။လက်ဆောင်ပေးဖို့ဝယ်တာရှားသွားတယ်။သွားရေးလာရေးခက်သွားတယ်။သနပ်ခါးကအပိုတန်းအလုပ်ဆိုတော့ အရောင်းသိသိသာသာပါးသွားတာပေါ့။"ဟု သနပ်ခါးရောင်းချနေသူ ဒေါ်ခင်မေသင်းကပြောသည်။

ချင်းတွင်းမြစ်အနောက်ဖက်ယင်းမာပင်နယ်ဘန့်ဘွေးရွာနှင့်ဝန်းကျင်ထွက်သနပ်ခါးတုံးများကိုမုံရွာစျေးကွက်တွင်တင်ရောင်းခြင်းဖြစ်ပြီးယခင်ကရန်ကုန်စျေးကွက်သို့ပို့ရသလိုအထက်ပိုင်းလည်းတင်ပို့ရသည်။လက်ရှိအရောင်းပါးနေရာရန်ကုန်နှင့်အခြားနယ်များမပို့ရသည်မှာကြာပြီဖြစ်ကြောင်းသိရသည်။

"စျေးနှုန်းကိုဝယ်သူလာတုန်းရောင်းရတာဆိုတော့လျော့ရောင်းကြတာပါ။သနပ်ခါးတစ်တုံးကိုအရင်က၂၅၀၀လောက်ရောင်းရင်အခု၂၀၀၀ လောက်နဲ့လည်းရောင်းလိုက်တာပဲ။ဝယ်သူလာတုန်းရောင်းရတာဆိုတော့လေ။"ဟုဒေါ်ခင်မေသင်းကပြောသည်။

လက်ရှိတွင်ရောင်းကုန်သနပ်ခါးကုန်ကြမ်းရရှိမှုမခက်ခဲသော်လည်းအရောင်းခက်နေသည့်အတွက်သနပ်ခါးစျေးကွက်မြန်မြန်ပြန်ကောင်းရန်သာဆုတောင်းနေရကြောင်းသနပ်ခါးရောင်းသူများကဆိုသည်။

" ဘုရားဖူးတွေလာရင်ရောင်းကောင်းတယ်။ဘုရားပွဲချိန်နတ်ပွဲချိန်တွေရောင်းကောင်းတယ်။အခုတော့အဲဒါတွေဘာမှမရှိတော့ရောင်းမကောင်းတော့ဘူး။"ဟုသနပ်ခါးရောင်းသူတစ်ဦးကဆိုသည်။

၁၉၈၈ ခုနောက်ပိုင်းမှစ၍မုံရွာမြို့ကျောက်ကာလမ်းတွင်သနပ်ခါးအရောင်းဆိုင်တန်းအဖြစ်ပေါ်ထွက်လာပြီးအလျင်မပြတ်သနပ်ခါးတုံးများရောင်းချပေးနေပြီးမုံရွာမြို့စျေးများတွင်လည်းသနပ်ခါးရောင်းသူအချို့ရှိသေးသည်။


MyanmaPlatform

0 comments:

Post a Comment